ဒုရဲမှူး မိုးရန်နိုင်ကို ပန်မြန်မာအဖွဲ့ ဂုဏ်ပြုဆု ချီးမြှင့်
2018.12.22

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တဲ့အတွက် ထောင်ဒဏ် အပြစ်ပေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို Pen Myanmar အဖွဲ့က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်သူအဖြစ် ဒီနေ့ ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ဟာ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာလို့ ထွက်ဆိုခဲ့တာကြောင့် ရဲစည်းကမ်း ဥပဒေဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး ပန်မြန်မာအဖွဲ့က ချီးမြှင့်တဲ့ဆုကို ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင့်နိုင်က တက်ရောက်လက်ခံခဲ့ပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ရဲ့ တရားရုံးမှာ ထွက်ဆိုချက်အပြီး သူရရှိထားတဲ့ လိုင်းခန်းမှာ နေထိုင်နေတဲ့ မိသားစုဝင်တွေဟာလည်း နေအိမ်လိုင်းခန်းကနေ ဖယ်ပေးခဲ့ရပါတယ်။
အခုလို ဆုချီးမြှင့်ရတာဟာ တရားရုံးမှာ အမှန်တရားဘက်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရင်း ထောင်ကျခဲ့တာကြောင့် ပန်မြန်မာအဖွဲ့ရဲ့ ပဉ္စမမြောက် နှစ်ပတ်လည် ညီလာခံကနေ ရွေးချယ်ပေးလိုက်တာ ဖြစ်ကြောင်း ဒီနေ့ ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပန်မြန်မာအဖွဲ့က ပြောပါတယ်။
ဒီဆုမှာ ငွေသားအဖြစ် ၁၅ သိန်း ၆ သောင်းကိုလည်း ထည့်သွင်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာပေးပို့တာပါ။