ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ရွေးကောက်ပွဲဝင်မည်
2020.08.07
ရိုက်တာသတင်းထောက် နှစ်ဦးအမှုမှာ သက်သေလိုက်ရင်း ထောင်ချခံရတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ခင်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်လိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က စိစစ်ရွေးချယ်ပြီးချိန်မှာ မီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြေဆိုသွားမယ်လို့ ဦးမိုးရန်နိုင်က RFA ကို ပြောပါတယ်။
ဦးမိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက် နှစ်ဦးရဲ့ အမှုမှာ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ရသူ ဖြစ်ပေမယ့် သတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုခဲ့တာကြောင့် မယုံကြည်ရတဲ့ သက်သေအဖြစ် တင်သွင်းခံခဲ့ရသူဖြစ်သလို ရာထူးကနေ ဖယ်ရှားခံရပြီး ရဲစည်းကမ်း ဥပဒေအရ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
သူ့ကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ကမ်းလှမ်းခဲ့ဖူးပါတယ်။
ဦးမိုးရန်နိုင်ဟာ ရဲတပ်ဖွဲ့ပြုပြင်ပြေင်းလဲရေးအတွက် သတင်းမီဒီယာတွေမှာ ဝေဖန်ထောက်ပြခဲ့သူ တစ်ဦးဖြစ်ပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ ၂၀၁၉ ပြည်သူ့ဂုဏ်ရည်အထူးဆု၊ 7Day သတင်းဂျာနယ်က ချီးမြှင့်တဲ့ သူရဲကောင်းဆု စတဲ့ ဂုဏ်ပြုဆုတွေ ရရှိထားသူဖြစ်ပါတယ်။