ဒုရဲမှူးဟောင်း မိုးရန်နိုင် ထောင်ကနေ လွတ်မြောက်လာတော့မည်
2018.12.26

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရဲမှူးချုပ် တင်ကိုကိုက လုံခြုံရေး စာရွက် စာတမ်းတွေပေးပြီး ထောက်ချောက်ဆင်ဖမ်းဖို့ အမိန့်ပေးတာဖြစ်တယ်လို့ ပြောခဲ့တဲ့အတွက် ထောင်ဒဏ် ၁ နှစ်ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ လာမယ့်ဇန်နဝါရီလ ၂ ရက်နေ့မှာ လွတ်မြောက်မှာဖြစ်တယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်တူးတူးက ပြောပါတယ်။
ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ သူလွတ်မြောက်မယ့်ရက်ကို ဇနီးဖြစ်သူကို ပြောလိုက်တာဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ လွတ်ရက်စေ့ပြီဖြစ်ပေမယ့် လွတ်မယ့်ရက် ကျော်လွန်နေကြောင်းလည်း သိရပါတယ်။
ရိုက်တာသတင်းထောက် ၂ ဦးအမှုမှာ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့ သူဖြစ်ပေမယ့် တရားရုံးမှာ သူကြုံတွေ့သိရှိတဲ့အတိုင်း မကြောက်မရွံ့ထွက်ဆိုခဲ့တဲ့အတွက် တရားလိုရှေ့နေက မယုံကြည်ရသက်သေအဖြစ် တင်သွင်းခံခဲ့ရသူဖြစ်သလို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ရဲစည်းကမ်းဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ အကြာခင် ပြန်လည် လွတ်မြောက် လာတော့မှာဖြစ်ပေမယ့် ရိုက်တာသတင်းထောက် ၂ ဦးကတော့ နိုင်ငံတော်လျှို့ဝှက် ဥပဒေနဲ့ ထောင် ဒဏ် ၇ နှစ်ချမှတ်ခံထားရပြီး အခုဆိုရင် ပြစ်ဒဏ်ချမှတ်ခံရတာ ၁ နှစ်ကျော်ရှိသွားပြီ ဖြစ်ပါတယ်။
ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်နိုင်သူအဖြစ် ဂုဏ်ပြုဆုကို ပဲန်မြန်မာက ဒီဇင်ဘာ ၂၂ ရက်နေ့ ချီးမြှင့်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးလည်း အဲဒီ ဇန်နဝါရီလ ၂ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA က အတည်မပြုနိုင်သေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့လိုက်တာပါ။