စစ်ခေါင်းဆောင်တွေကို သြစတြေးလျမှာ တရားစွဲဖို့ ပြင်ဆင်နေ

2021.12.31
စစ်ခေါင်းဆောင်တွေကို သြစတြေးလျမှာ တရားစွဲဖို့ ပြင်ဆင်နေ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို (၇၂) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သူရဲကောင်းဗိမာန်(နေပြည်တော်)ဖွင့်ပွဲ အခမ်းအနားမှာ တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ်ရုံး

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ရာဇဝတ်မှုကျူးလွန်သူတွေကို ဩစတြေးလျနိုင်ငံ တရားရုံးမှာ တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကိုပြောပါတယ်။

အလွန် ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်နိုင်ငံ တရားရုံးကမဆို တရားစွဲဆို စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ နိုင်ငံတကာဥပဒေတွေအရ အာဂျင်တီးနားနိုင်ငံမှာ တရားစွဲဆိုခဲ့သလို ဩစတြေးလျနိုင်ငံ တရားရုံးမှာ လည်း တရားစွဲဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းလုံးမှာ ရာဇဝတ်မှုတွေ ကျူးလွန်လာတာဟာ အခု အာဏာ သိမ်းချိန်မှာတင်မကပဲ ၂၀၁၆ - ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေ ရှိခဲ့သလို တိုင်းရင်းသား ဒေသတွေမှာလည်း ဒေသခံပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။

ဒီလို ကာလကြာရှည် ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အရေးယူဖို့ ကြန့်ကြာနေတာကိုလည်း အမြန်ဆုံး တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားသလို၊ အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးစ်မြို့ ဖက်ဒရယ် တရားရုံးမှာ တရားစွဲဆိုထားပါတယ်။

ဒီအတောအတွင်းမှာဘဲ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC နဲ့ အာဂျင်တီးနားတရားရုံးတွေ အပြင် တရားစွဲသူတွေ ထံက ပေးပို့လာတဲ့ စာတွေကို လက်မခံဖို့ စစ်ကောင်စီရဲ့ စာတစ်စောင်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှု ကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။