မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှုအမြင့်ဆုံး ရောက်ခဲ့ကြောင်း ဦးကျော်မိုးထွန်း ပြော

RFA Burmese
2025.02.12
မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှုအမြင့်ဆုံး ရောက်ခဲ့ကြောင်း ဦးကျော်မိုးထွန်း ပြော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Permanent Mission of Myanmar to the United Nations Photo

လက်ရှိ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ (၁၅) နှစ်အတွင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး လူမှုစီးပွားကဏ္ဍဟာလည်း မကြုံစဖူး ကျဆင်းနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၄ ရက်နေ့ အထိ ကျင်းပနေတဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် (Commission for Social Development – CSocD) အစည်းအဝေးမှာ ဖေဖော်ဝါရီ ၁၁ ရက်က ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံ နေရာပေါင်းစုံမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူ သန်း (၂၀) လောက်ရှိကြောင်း၊ ၃.၅ သန်းကျော်ဟာ နေရပ်စွန့်ခွာနေရကြောင်း ပြောပါတယ်။

လူဦးရေ ထက်ဝက်လောက်လည်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်ရှိနေပြီး အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြင့်တက်နေတာကြောင့် လူဦးရေရဲ့ ၂၄ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာမဖူလုံတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သူကဆိုပါတယ်။

ကလေးငယ်တွေဟာလည်း ပုံမှန်ကာကွယ်ဆေးတွေ မထိုးရတာကြောင့် ကူးစက်ရောဂါပြန့်ပွားမှု မြင့်တက်လာမဲ့ အန္တရာယ်ကို ကြုံတွေ့နေရကြောင်းလည်း တင်ပြခဲ့ပါတယ်။

ဒါတွေဖြစ်ရတာဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းလိုက်တာကြောင့်ဖြစ်ပြီး အဲအချိန်ကစလို့ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က အတင်းအကျပ် တပ်သားစုဆောင်းနေတာကလည်း စီးပွားရေး ဆုတ်ယုတ်လာတာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူငယ်လူရွယ်တွေ လုံခြုံမှုကင်းမဲ့ရုံမက အနာဂတ်တွေ မရေမရာဖြစ်ရကြောင်း၊ လက်ရှိအခြေအနေတွေဟာ မြန်မာပြည်သူတွေအတွက် လူမှုလုံခြုံရေး လုံးဝမရှိဘူးလို့လည်း ထည့်သွင်းပြောကြားပါတယ်။

အဲဒါကြောင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်တွေနဲ့ ပြည်တွင်းမှာ လူမှုတရားမျှတမှု ခိုင်မာစေဖို့တွေကို မလုပ်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ပြဿနာတွေရဲ့ အဓိကဇစ်မြစ်ဖြစ်တဲ့ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေဖို့ဟာ မြန်မာပြည်သူတွေရဲ့ သန္နိဋ္ဌာန်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာအရေးကိစ္စကို ပိုအလေးထား အာရုံစိုက် ဖြေရှင်းသင့်တယ်လို့လည်း တိုက်တွန်းပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စစ်တပ်ကို လက်နက်တွေ၊ ဂျက်လေယာဉ်ဆီနဲ့ ငွေကြေးတွေဖြတ်တောက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် ပံ့ပိုးကူညီပေးကြဖို့နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ် တည်ထောင်ရေး အားဖြည့်ကူညီပေးကြဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။