မြန်မာအမျိုးသမီးတွေ အခွင့်အရေးချိုးဖောက်ခံရမှု ကုလမှာ ဦးကျော်မိုးထွန်းတင်ပြ

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2023.03.14
မြန်မာအမျိုးသမီးတွေ အခွင့်အရေးချိုးဖောက်ခံရမှု ကုလမှာ ဦးကျော်မိုးထွန်းတင်ပြ
Permanent Mission of Myanmar to the United Nations

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၁၃ ရက်နေ့ကကျင်းပတဲ့ အမျိုးသမီးများအဆင့်အတန်းဆိုင်ရာ ကုလသမဂ္ဂကော်မရှင် (UN Commission on Status of Women) ၆၇ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေ အထူးသဖြင့် မြန်မာအမျိုးသမီးတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့အမျိုးသားတွေအကြား မညီမျှမှုတွေအကြောင်း၊ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးရတာတွေ၊ စစ်ကြောရေးစခန်းမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ အမျိုးသမီးတွေ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခံရတာတွေနဲ့ ကျေးရွာတွေ မီးရှို့ခံရမှု၊ စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။

ဒီရာဇဝတ်မှုတွေဟာ စစ်တပ်က စနစ်တကျ ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် သာမန် လူ့အခွင့်အရေးချိုးဖောက်မှုမဟုတ်ဘဲ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) သာမက စစ်ရာဇဝတ်မှုပါမြောက်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် ဒီအစည်းအဝေးမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အမျိုးသမီးရေးရာဝန်ကြီးတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။

ဒီအစည်းအဝေးကို မြန်မာနိုင်ငံက အမျိုးသမီးမဟာမိတ်အဖွဲ့ (မြန်မာ) ညှိနှိုင်းရေးမှူး ‌ဒေါ်မေစပယ်ဖြူနဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဦးဆောင်သူ နော်ဆဲဆဲ တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။