သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရ

ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2023.05.07
သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က နယူးယောက်မြို့ရှိ ရုံးခန်းတွင် တွေ့ရစဉ်။
RFA
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂၀၂၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ကြေညာပါတယ်။

ဦးကျော်မိုးထွန်းဟာ စစ်ကောင်စီ ယန္တရား မလည်ပတ်နိုင်အောင်လုပ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူလို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပြောပါတယ်။

CDM လှုပ်ရှားခဲ့သူ ပြည်သူ့ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးဆောင်ကိုယ်စားပြုခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆုချီးမြှင့်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
ဒီပြည်သူ့ဂုဏ်ရည်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ပြီး၊ တစ်ကမ္ဘာလုံးက မြန်မာပြည်ဖွား တိုင်းရင်းသားတွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်နေတာပါ။ အများအကျိုးဆောင်တဲ့ မြန်မာနိုင်ငံသားတွေကို နှစ်စဉ်ဆုချီးမြှင့်နေတာ ဖြစ်ပါတယ်။
 
ပြည်သူ့ဂုဏ်ရည်ဆုတွေကို ပြီးခဲ့တဲ့ ၂၀၁၀ ကစတင်ပြီး ချီးမြှင့်လာတာဖြစ်ပါတယ်။ ဒီနှစ်မှာ ပြည်သူ့ဂုဏ်ရည်ဆုကို တစ်ဆုတည်းရွေးချယ်ပြီး ဒီဂုဏ်ပြုမှုနဲ့အတူ မြန်မာပြည်တွင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီသွားမယ်လို့ ပြောပါတယ်။
 
အခုလ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွက် ဆုရရှိတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆုပေးအပ်သွားမယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က စတင်ပြီး လူမှုကူညီရေးလုပ်ငန်း ဆောင်ရွက်နေကြသူတွေ၊ ကောင်းမွန်တဲ့ လူ့ဘောင်ဖြစ်ဖို့ ကြိုးပမ်းနေသူတွေ အပါအဝင် စံပြဖြစ်သူတွေကို ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုတွေကို ချီးမြှင့်ခဲ့တာပါ။
 
၂၀၁၀ ခုနှစ်က ပထမအကြိမ်အဖြစ် နာရေးကူညီမှုအသင်း ဦးဆောင်တည်ထောင်ခဲ့သူ ဦးကျော်သူက ဆုချီးမြှင့်ခံရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတော့ ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် မန္တလေးမြို့စည်ပင်သာယာရေးကော်မတီက ဒီနှစ်ဆုရရှိတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းမတိုင်မီ နောက်ဆုံး ရွေးချယ်ခဲ့ထားရတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။