နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ဥပေက္ခာမပြုသင့်တော့ကြောင်း ဦးကျော်မိုးထွန်း ပြော

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကူအညီမဲ့နေတဲ့ မြန်မာပြည်သူတွေရဲ့ အကူအညီ တောင်းခံမှုတွေကို ဆက်ပြီး ဥပေက္ခာမပြုသင့်တော့ဘူးလို့ ကုလသမဂ္ဂ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စက်တင်ဘာ ၃၀ ရက် မနေ့က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
လူမှုရေး၊ လူသားချင်းစာနာမှု နဲ့ ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်ကစလို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်နေပါတယ်။
ဒီအစည်းအဝေးအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်အာဏာသိမ်းကတည်း က မြန်မာပြည်သူတွေဟာ ခက်ခက်ခဲခဲဖြတ်သန်းနေရပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့် အပါအဝင် အခြေခံလူ့အခွင့်အရေးတွေ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူပေါင်း ၂,၃၀၀ ကျော် သတ်ဖြတ်ခံထားရသလို နေရပ်စွန့်ခွာသူ ၁.၃ သန်းကျော်ရှိပြီး ပြည်သူ ၁၄ သန်းကျော်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ဒီအပြင် ရွာလုံးကျွတ်မီးရှို့ခံရတာ အပါအဝင် နေအိမ် ၂၈,၀၀၀ ကျော် ဖျက်ဆီးခံရသလို ကလေးငယ် ၃၈၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁,၄၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဒါ့ကြောင့် ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးနိုင်မယ့် လုပ်ဆောင်ချက်တွေကို တုံ့ဆိုင်းမှုမရှိဘဲ ဆုံးဖြတ်ချက်မှတ်ပြီး ချက်ချင်းအရေးယူဆောင်ရွက်ဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။