အဓမ္မစစ်သားစုဆောင်းနေတဲ့ စစ်ကောင်စီကို အရေးယူနိုင်ရေး နိုင်ငံတကာကို တောင်းဆို

RFA Burmese
2024.03.15
အဓမ္မစစ်သားစုဆောင်းနေတဲ့ စစ်ကောင်စီကို အရေးယူနိုင်ရေး နိုင်ငံတကာကို တောင်းဆို ၂ဝ၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ ပဋိပက္ခကြိုတင်ကာကွယ်မှုမြှင့်တင်ရေး အမျိုးသမီးနှင့် လူငယ်အပါအဝင် လုပ်ဆောင်သူတွေ အားလုံးအား လုပ်ပိုင်ခွင့်ပိုမိုပေးရေး အစည်းအဝေးမှာ ဦးကျော်မိုးထွန်းအား တွေ့ရစဉ်။
Permanent Mission of Myanmar to the United Nations

စစ်ကောင်စီဟာ ပြည်ပကျူးကျော်စစ်မရှိဘဲ ဥပဒေမဲ့ စစ်သားစုဆောင်းနေတာကြောင့် မြန်မာနိုင်ငံက လူငယ်တွေ အလွန်ကြီးမားတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် အတင်းအကျပ် စစ်သားစုဆောင်းတာတွေ အဆုံးသတ်ရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

မတ်လ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ ပဋိပက္ခကြိုတင်ကာကွယ်မှုမြှင့်တင်ရေး အမျိုးသမီးနဲ့ လူငယ်အပါအဝင် လုပ်ဆောင်သူတွေ အားလုံးကို လုပ်ပိုင်ခွင့်ပိုမိုပေးရေး အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။

ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံကို ကျူးကျော်တာ၊ အသက်အန္တရာယ်ခြိမ်းခြောက်တာမရှိဘဲ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကသာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စက္ကန့်နဲ့အမျှ ခြိမ်းခြောက်နေတာလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ မြန်မာလူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းတာဟာ နိုင်ငံကိုကာကွယ်ဖို့မဟုတ်ဘဲ နိုင်ငံတစ်ဝန်းက တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်ရာမှာ လူသားဒိုင်းအဖြစ်နဲ့ ပစ္စည်းတွေသယ်ဆောင်ရာမှာ ပေါ်တာအဖြစ် အသုံးပြုဖို့ ဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်။

ကူကယ်ရာမဲ့နေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ တောင်းဆိုနေပေမဲ့ အရေးယူဆောင်ရွက်ချက်တွေမရှိတာကြောင့် မြန်မာပြည်သူတွေ စိတ်ပန်းလူပန်းဖြစ်လာပြီး ပြည်သူတွေအသက်ကယ်တင်မယ့် “ကုလသမဂ္ဂ ဘယ်ရောက်နေလဲ” လို့ မေးခွန်းထုတ်နေကြပြီဖြစ်ကြောင်းလည်း သူက ပြောခဲ့ပါတယ်။

မြန်မာပြည်သူတွေအသက်ကယ်တင်နိုင်ရေးအတွက် စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီ ရောင်းချတာတွေ ပိတ်ပင်ပေးဖို့၊ ကြီးလေးတဲ့အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တာတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီရေး လမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အပေါ် ဖြေရှင်းပေးဖို့နဲ့ ပံ့ပိုးကူညီဆောင်ရွက်ပေးဖို့လည်း လုံခြုံရေးကောင်စီကို မေတ္တာရပ်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

U Tin Maung Win
2024-03-19 21:40

စစ်ဥပဒေချိုးဖောက်မှုများရှိနေသည့်မြန်မာစစ်တပ်ကိုအပြောမလျှော့ဘဲအရေးယူမှုများအမြန်ဆောင်ရွက်ပေးနိုင်ပါရန်

U Tin Maung Win
2024-03-19 21:42

စစ်ဥပဒေချိုးဖောက်မှုများရှိနေသည့်မြန်မာစစ်တပ်ကိုအပြောမလျှော့ဘဲအရေးယူမှုများအမြန်ဆောင်ရွက်ပေးနိုင်ပါရန်အနုူးညွှတ်မေတ္တာရပ်ခံပါသည်