မြိတ်အကျဉ်းထောင်က တစ်လအတွင်း နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပြန်လွတ်

တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ကနေ ဒီနေ့မှာ နိုင်ငံရေး အကျဉ်းသား ၅၇ ဦး ပြန်လွတ်လာတဲ့အတွက် တစ်လအတွင်း နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပြန်လွတ်မြောက်လာတယ်လို့ မြိတ်ဒေသခံတွေက ပြောပါတယ်။
ဒါဟာ အခု စက်တင်ဘာလအတွင်း သုံးကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်တာ ၁ ရက်နဲ့ ၉ ရက်နေ့တွေမှာလည်း နိုင်ငံရေးအကျဉ်းသား ၄၉ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“အရှေ့ကလွတ်လာသူတွေလိုပဲ လွတ်ရက်စေ့လို့ လွှတ်လိုက်တာ။ ကျန်းမာရေး ကောင်းကြတယ်။ မြိတ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို အလုပ်လုပ်ခိုင်းတာလည်း မရှိတော့ဘူး”
ဒီနေ့ ပြန်လွတ်လာသူတွေထဲမှာ အသက် ၆၀ အရွယ် အမျိုးသား လေးဦးအပါအဝင် အမျိုးသား ၅၃ ဦးနဲ့ အမျိုးသမီး လေးဦး ပါဝင်ပြီး သူတို့ဟာ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်နဲ့ အင်းလေးမြိုင် ရပ်ကွက်တွေမှာ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးတာ ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က)၊ လူစုခွဲရန် အမိန့် ပေးပြီးနောက် ဆက်လက် ပါဝင်နေမှု ပုဒ်မ - ၁၄၅ တို့နဲ့ မြိတ် အကျဉ်းထောင်ထဲက အထူးတရားရုံးမှာ ထောင်ဒဏ် နှစ်နှစ် ကျခံခဲ့ရသူတွေလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ မြိတ်မြို့နယ် အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါးအထိ ရှိနေတယ်လို့ အကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၁၂၅၄၃ ဦးရှိပြီး သူတို့အထဲက ၁၄၉၄ ဦးဟာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။