စစ်အာဏာရှင်ဆန့်ကျင်လို့ အဖမ်းခံရသူ ၃ဝဝဝ နီးပါး ထောင်အသီးသီးမှာ ကျန်နေသေး
2021.06.30
ရန်ကုန် အင်းစိန်အကျဉ်းထောင်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရသူ ၂၂၉၆ ဦး ကို ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြန်လွတ်လာသူတွေကတော့ နေပြည်တော်က ၂၂ ဦး၊ ကချင်ပြည်နယ်က ၁၄၅ ဦး ကယားပြည်နယ်က ၁၁ ဦး၊ ကရင်ပြည်နယ်က ၄၇ ဦး၊ ချင်းပြည်နယ်က ၄၈ ဦး၊ စစ်ကိုင်းတိုင်းက ၃၃ ဦး၊ တနင်္သာရီတိုင်းက ၃၂ ဦး၊ ပဲခူးတိုင်းက ၁၁၄ ဦး၊ မကွေးတိုင်းက ၃၆ ဦး၊ မန္တလေးတိုင်းက ၇၁၁ ဦး၊ မွန်ပြည်နယ်က ၃၃ ဦး၊ ရခိုင်ပြည်နယ်က ၆ ဦး၊ ရန်ကုန်တိုင်းက ၇၂၁ ဦး၊ ရှမ်းပြည်နယ်က ၄၉ ဦး၊ ဧရာဝတီတိုင်းက ၂၉၆ ဦး စုစုပေါင်း အဖမ်းခံထားရသူ ၂၂၉၆ ဦးကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင် အသီးသီးကနေ ပြန်လွှတ်ပေးလိုက်တာဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
"အပြစ်မရှိဘဲ အဖမ်းခံရတဲ့သူတွေ အများကြီး ထောင်ထဲမှာ ကျန်နေသေးတယ်။ အားလုံးပြန်လွတ်မှ ရာနှုန်းပြည့်ဝမ်းသာနိုင်မှာပါ"
ပြန်လွတ်လာသူအများစုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကြောင့် တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ သတင်းထောက်တွေ၊ ဆန္ဒပြ လူငယ်တွေနဲ့ လူမှုကယ်ဆယ်ရေး ပရဟိတလုပ်နေသူတွေအပါအဝင် လမ်းမှာကားပိတ်ရပ်ထားလို့ ဖမ်းသွားသူတွေလည်းပါဝင်ပါတယ်။ လမ်းမှာ ကားပိတ်ရပ်လို့ အဖမ်းခံရသူတဦးက ခုလိုပြောပြပါတယ်။
"လမ်းမှာ ကားပိတ်ရပ်လို့ အဖမ်းခံရတာပါ။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ အခြေအနေ စောင့်ကြည့်ရပါဦးမယ်။"

တဆက်တည်း ဒလန်က သတင်းပေးလို့ အဖမ်းခံရသူတဦးကလည်း ပြန်လွတ်လာပုံကို ခုလိုပြောပါတယ်။
"ဒလန် သတင်းပို့လို့ အဖမ်းခံရတာပါ၊ စစ်ကား ငါးစီးနဲ့ လာပြီးဖမ်းတယ်၊ ပြီးတော့ ဖေဖော်ဝါရီလလောက်က ဆန္ဒပြနေတဲ့ ဓာတ်ပုံတွေပြပြီး ၅၀၅(က)နဲ့ အမှုဖွင့် ထားပါတယ်။ ခုပြန်လွှတ်လိုက်တာ ခံဝန်ချက်တော့ မထိုးရပါဘူး"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က တာဝန်ရှိသူ တစ်ယောက်ကတော့ ဖမ်းထားသူတချို့ကို ပြန်လွှတ်ပေးတာဟာ စိတ်စေတနာသန့်သန့်နဲ့ မဟုတ်ဘဲ နိုင်ငံတကာကို မျက်နှာရအောင် လုပ်ချင်တာကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
“ဒီလိုလွှတ်ပေးတာက တကယ်စိတ်စေတနာသန့်သန့်နဲ့ လွှတ်ပေးတာလို့ ကျနော်တို့ မသတ်မှတ်ဘူး။ တကယ် စိတ်စေတနာ ကောင်းကောင်းနဲ့ ကျနော်တို့နိုင်ငံ ပြည်သူပြည်သားတွေကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်။ ဒီနေ့လွှတ်ပေးတာက သူတို့လုပ်နေကြအတိုင်းပဲ။ သူတို့အုပ်ချုပ်ရေးမှာ အကြပ်တည်း ဖြစ်လာတဲ့အခါ နိုင်ငံတကာကို မျက်စိလှည့်ချင်တဲ့အတွက်ကြောင့်မို့လို့ လွှတ်ပေးတယ်လို့ ကျနော်တို့က သုံးသပ်မိတယ်။”
လွတ်မြောက်လာသူတွေအတွက် ဝမ်းသာသလို အကျဉ်းထောင်တွေမှာ ကျန်နေခဲ့သူတွေလည်း ဒီတော်လှန်ရေးမှာ တစိတ်တဒေသ ပါဝင်နေတာကြောင့် အားတင်းထားဖို့ အားပေးချင်တဲ့အကြောင်း၊ ပြန်လွတ်မြောက်လာသူတွေဟာ အဖမ်းခံရချိန်မှာ ၊ စစ်ကြောရေးကာလမှာ ရိုက်နှက်ညှဉ်းပန်းခံရတာတွေကြောင့် စိတ်ပိုင်း၊ လူပိုင်း ထိခိုက်နစ်နာတာတွေ ရှိမှာဖြစ်တဲ့အတွက် ဒါတွေကို မိသားစုဝင်တွေနဲ့ ပြည်သူတွေအချင်းချင်း ဖေးမကူညီပေးကြဖို့ကိုလည်း သူက ပြောပါတယ်။

လွှတ်ပေးတဲ့အထဲမှာ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တွေကို ချန်လှပ်ပြီး လွှတ်သင့်သူတွေကို ဇွန် ၃၀ ရက် မနက် ၉ နာရီမှာ ပြန်လွှတ်ဖို့ စစ်ကောင်စီက အကျဉ်းဦးစီးဌာနတွေကို ညွှန်ကြားထားတဲ့ လျှို့ဝှက်စာတွေလည်း ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
မန္တလေးမြို့က ပြန်လွတ်လာသူတဦးရဲ့ မိသားစုဝင်ကတော့ ကိုယ့်သားချင်းတွေ ပြန်လွတ်လာလို့ဝမ်းသာပေမဲ့ ရာနှုန်းပြည့်တော့ ဝမ်းမသာနိုင်ဘူးလို့ပြောပါတယ်။
"အပြစ်မရှိဘဲ အဖမ်းခံရတဲ့သူတွေ အများကြီး ထောင်ထဲမှာ ကျန်နေသေးတယ်။ အားလုံးပြန်လွတ်မှ ရာနှုန်းပြည့်ဝမ်းသာနိုင်မှာပါ"
စစ်ကောင်စီ အာဏာသိမ်းတာကို ဆန့်ကျင်တာကြောင့် ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တွေထဲက ၂၄ ယောက်ကိုလည်း အမှု ရုပ်သိမ်းတယ်လို့ ဇွန် ၂၉ ရက်နေ့မှာ စစ်ကောင်စီက ကြေညာထားပါတယ်။
စစ်တပ်က အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန် ၂၉ ရက်အထိ စုစုပေါင်း အဖမ်းခံထားရသူ ၅၂၂၄ ယောက်ရှိပြီး အဲ့ဒီအထဲကနေ ၂၂၂ ယောက်က ထောင်ဒဏ်တွေ ချမှတ်ခံထားရပြီး ဖြစ်တယ်လို့ AAPP က ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။