ပေါင်းတည်မှာ ရဲတပ်သားမိသားစု အပါအဝင် လူရှစ်ဦး ဖမ်းဆီးခံရ
2024.01.18
ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်မြို့မှာ သုံးရက်အတွင်း ရဲတပ်သား မိသားစု အပါအဝင် လူရှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၁၈ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ပေါင်းတည်မြို့မရဲစခန်းက အသက် ၂၅ နှစ်အရွယ် ရဲတပ်သား ကိုအာကာဖြိုးသူနဲ့ သူ့ရဲ့မိခင် အသက် ၅၅ နှစ်အရွယ် ဒေါ်မြင့်မြင့်အေးကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ဖမ်းဆီးခံရပြီးနောက် ဇန်နဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ နောက်ထပ် ဒေသခံ ခြောက်ဦး ဆက်တိုက်ဆိုသလို ဖမ်းဆီးခံခဲ့ရတာပါ။
ရဲတပ်သားရဲ့ ဖခင်ဖြစ်သူက ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါင်းတည်မြို့ခံတစ်ဦးက ပြောပါတယ်။
"ရဲတပ်သားတစ်ဦးနဲ့ မိခင်ကိုတော့ ဖခင်က PDF ဆိုပြီး ဖမ်းဆီးသွားတာပါ။ ပြည်သူတချို့ကိုတော့ ဘာကြောင့်ဖမ်းဆီးတာလဲဆိုတာ မသိပါဘူး၊ ဖမ်းဆီးခံရသူ အားလုံးပေါင်း ရှစ်ဦးလောက်ရှိပါတယ်"
ရဲတပ်သား သားအမိအပြင် နောက်ထပ်ဖမ်းဆီးခံရသူတွေကတော့ ပေါင်းတည်ဒေသခံတွေ ဖြစ်တဲ့ ကိုအောင်ကြီး၊ ဒေါ်အေးဆွေ၊ ကိုကျော်မျိုးအောင်၊ ဒေါ်စန်းအေး၊ ဦးအောင်မြင့်နဲ့ ကိုအောင်ဇင်မြင့်တို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဖမ်းဆီးခံရသူ အများစုကို ပေါင်းတည်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး ရဲတပ်သားကတော့ စစ်ကြောရေးတစ်နေရာမှာ စစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဒီဖမ်းဆီးမှုတွေကို သူ့အနေနဲ့ မကြားမိသေးကြောင်း၊ စုံစမ်းပြီးရင် ပြန်လည်ဖြေဆို ပေးမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့က ပေါင်းတည်မြို့နယ် မြောက်ကုန်းကြီးရွာအနီးမှာ အသက် ၃၅ နှစ်အရွယ် ကိုနေအာင်ကို ကျည်ဆံတချို့နဲ့အတူ ဖမ်းမိပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၂၅၈၃၀ ဦး ရှိပြီး အဲဒီထဲက ၁၉၉၃၀ ဦး က ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။