ညောင်ဦးမှာ စဉ့်ကူနယ်မြေ ရဲစခန်းမှူးအပါအဝင် ရဲငါးဦး ပစ်သတ်ခံရ

RFA Burmese
2022.12.03
ညောင်ဦးမှာ စဉ့်ကူနယ်မြေ ရဲစခန်းမှူးအပါအဝင် ရဲငါးဦး ပစ်သတ်ခံရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်အချို့ကို တွေ့ရစဉ်။
ပခုက္ကူ မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (တပ်ဖွဲ့-၂)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တက်မရေနံမြေ (တက်မမှော်) အတွင်းမှာ စဉ့်ကူနယ်မြေ ရဲစခန်းမှူးနဲ့ ရဲတပ်သားလေးဦးကို ပခုက္ကူ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ရှင်းလင်း လိုက်တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ညောင်ဦး-ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူတို့ဟာ တက်မမှော်ထဲမှာ အခွန်တွေ မတရားကောက်နေတယ်ဆိုပြီး အတိုင်ခံထားရသူ တွေ ဖြစ်တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ညောင်ဦး-ပကဖ) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"အခုစခန်းမှူးက အသစ်ပြောင်းလာတာ မကြာသေးဘူး။ တိုင်စာတွေလည်း များတယ်။ ကျနော်တို့ အဖွဲ့တွေက ချောင်းနေတာကြာပြီ။ ဖြစ်တဲ့နေ့ကတော့ သူတို့ ဘီယာ ထိုင်သောက်နေတုန်း ကျနော်တို့ ပခုက္ကူ ပြောက်ကျားအဖွဲ့တစ်ခုက ဝင်ပစ်တာ။ သူအပါအဝင် ရဲငါးယောက် သေတယ်။ သေနတ်သုံးလက် ရလိုက်ပါတယ်"

ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂) ရဲ့ ဗိုလ်ရန်နောင်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က စဉ့်ကူရဲစခန်းစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးတို့ကို တက်မမှော်အတွင်း ဘီယာဆိုင်တစ်ခုမှာ ထိုင်နေချိန် ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂) ရဲ့ ကွန်မန်ဒို ရဲဘော် ရဲဘော်ဒီး၊ ရဲဘော်ပုဂံကြီး၊ ရဲဘော်ပုဂံလေးနဲ့ ရဲဘော် king တို့က ဝင်ရောက် ရှင်းလင်းခဲ့တာလို့ မနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

G3 သေနတ်နှစ်လက်နဲ့ အူဇီတစ်လက် သိမ်းဆည်းရမိခဲ့ပြီး ပစ်ခတ်မှုအတွင်း ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး ပေါင်ကိုကျည်ဆန်ထိမှန်ခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ စခန်းမှူးဒုရဲမှူး လှဌေးနဲ့ ရဲတပ်ကြပ်ကြီး ဘဟိန်းတို့ နှစ်ဦးဟာ ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်အနီးမှာ ပစ်သတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးရွာ၊ တောချောင်းဦး ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ တာကြောင့် ရဲခုနစ်ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။