မဖြူနှင်းထွေး ဒုတိယအာမခံ ထပ်မံပယ်ချခံရ
2014.09.30

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအကောင် အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံ သား နှစ်ဦးကို ပြန်ပေးဆွဲရာမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး ဖမ်းဆီးတရားစွဲခံထားရတဲ့ မန္တလေး ဗကသ ကျောင်းသူ မဖြူနှင်းထွေးကို ဒီနေ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် အာမခံနဲ့လွှတ်ပေးဖို့ အယူခံ တင်ခဲ့ရာမှာ တရားရုံးက ပယ်ချလိုက်ပါတယ်။
ဒီနေ့ တရားရုံးက ဒုတိယအကြိမ်အယူခံကို ပယ်ချခဲ့ တာနဲ့ပတ်သက်ပြီး မဖြူနှင်းထွေးရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။
"တရားလိုပြတဲ့သက်သေနဲ့ ဒါသူထွက်တာကောင်း ပါတယ်၊ သူကအမှန်အတိုင်းပဲထွက်တာ၊ ကျနော်တို့ အာမခံလျှောက်တယ်၊ အာမခံ ပယ်ပါတယ်၊ ဒါပေမဲ့ သူတို့ကာယကံရှင်ဆန္ဒပါ၊ ဆက်တက်ရမယ်ဆိုရင် ရမယ်ဆိုရင်လည်း တရားလွှတ်တော်တက်မယ်၊ မတက်ဘူးဆိုရင်လည်း မတက်တော့ဘူး၊ ကာယကံရှင်ဆိုတာ ဖြူနှင်းထွေးက ဗ.က.သ အဖွဲ့ဝင်ဖြစ်ပါတယ်၊ ဗ.က.သ သူ့မူတွေရှိတယ်၊ အယူခံတက်တာအရှှုံပေးတာလည်းရှိတော့ ကိုယ့်ကျတော့နိုင်ငံရေးဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ သူတို့ရဲ့ဆုံးဖြတ်ချက်ပါ၊ သူတို့က ဆက်ပြီးတော့တက်ပါဆိုရင်တော့ ကျနော်တို့ တက်မယ်၊ မတက်နဲ့ဆိုရင် ကျနော်တို့ မတက်ဘူး"
မဖြူနှင်းထွေးအမှုအတွက် တရားလိုပြသက်သေ ၁၀ ဦးကို စစ်ဆေးရမှာဖြစ်ပြီး လက်ရှိအချိန်မှာ လေးဦးကိုသာ စစ်ဆေးရသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့က တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဝန်ထမ်း ၂ ဦးကို ဒေသခံတွေက ခေတ္တ ထိန်းသိမ်းခဲ့ရာမှာ မဖြူနှင်းထွေးပါဝင်တယ်ဆိုပြီး စက်တင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့ နေအိမ်ကနေ ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။