လွှတ်တော်ကြားနာပွဲ ဒုတိယမြောက်နေ့ ၁၇ ပါတီတက်ရောက်


2015.03.06
parliament-hearing-students-305.jpg ထိုင်သပိတ်ဆင်နွှဲနေတဲ့ ကျောင်းသားတွေ ကြားနာပွဲ မတက်ရောက်နိုင်ကြောင်း မတ်လ ၅ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကျောင်းသားကိုယ်စားလှယ် ကိုဇေယျာလွင် တင်ပြနေစဉ်
Photo: Myo Thant Khaing/RFA

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ ဒီနေ့ နိုင်ငံရေးပါတီ ၁၇ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ကြားနာပွဲကျင်းပခဲ့ပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) က ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တင်ထားတဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒုတိယနေ့အဖြစ် ကြားနာပွဲကျင်းပနေတာ ဖြစ်ပါတယ်။

ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က နိုင်ငံတကာ စံနှုန်းတွေနဲ့ကိုက်ညီတဲ့ ပညာရေးဥပဒေ တစ်ခု ဖြစ်လာဖို့အတွက် ကျောင်းသူကျောင်းသား ကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲဖို့လိုတယ်လို့ တင်ပြခဲ့ပါတယ်။

အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲကို သပိတ်မှောက် ကျောင်းသူ ကျောင်းသား ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ အကြောင်းကြားလာရင်စီစဉ်ပေးဖို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ညွှန်ကြားထားကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးခင်မောင်ရီက ပြောပါတယ်။

လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးထားတာကြောင့် ကြားနာပွဲကို မတက်ရောက်တော့ကြောင်း ကျောင်းသားကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။

ကြားနာပွဲမှာ နိုင်ငံရေးပါတီ ၁၇ ပါတီက ပညာရေး ဥပဒေကြမ်းမှာပါဝင်တဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊ ပညာရေးဘတ်ဂျတ်အသုံးစရိတ်၊ မိခင်ဘာသာစကားဖြင့်သင်ကြားရေး စတဲ့အချက်တွေကို အဓိကထား ဆွေးနွေး ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။