စစ်သားတွေ ရိုက်နှက်လို့ ချောက်မြို့ ဂွေးပင်ရွာသားတစ်ဦး သေဆုံး
မကွေးတိုင်း၊ ချောက်မြို့နယ် ဂွေးပင်ရွာက ကိုဖြိုးဝေထွန်းကို PDF အဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ညမှာ စစ်ကောင်စီ တပ်သားတွေက အိမ်ရှေ့မှာတင် အပြင်းအထန် ရိုက်နှက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွေးပင်ရွာသား တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
အသက် ၄၀ အရွယ် ကိုဖြိုးဝေထွန်းနဲ့အတူ ညီနှစ်ဦးဖြစ်တဲ့ ကိုဘုန်းဝေထွန်း၊ ကိုရှိုးဝေထွန်းတို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နိုဝင်ဘာလ ၁ ရက် မနေ့က ကိုဖြိုးဝေထွန်းရဲ့ အရိုးပြားအိုးလာယူဖို့ပြောမှ သေဆုံးမှန်း မိသားစုက သိရတာဖြစ်ပါတယ်။
“ကိုဖြိုးဝေထွန်းကို ဘယ်လောက်တောင် ရိုက်လဲဆိုရင် သူက အိမ်မှာကတည်းက မျော့မျော့ပဲကျန်တော့ တာ၊ သေနတ်ဒင်နဲ့ ရင်ဘတ်ကိုထုတယ်၊ တုတ်နဲ့ ရိုက်တယ်၊ သူ့မိသားစုဝင်တွေရဲ့ ပြောပြချက်အရ အဲဒီနေရာမှာတင် မျှော်လင့်ချက်က သိပ်မရှိတော့ဘူး၊ ဒီမှာ နှိပ်စက်သွားတဲ့ ဒဏ်ရာနဲ့တင် ချောက်မြို့ကို မရောက်ခင်မှာ ဆုံးသွားတာ” လို့ ဒေသခံက ပြောပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ည ၁၁ နာရီခွဲခန့် ဂွေးပင်ရွာ မီးဖြတ်ခံလိုက်ရပြီး ည ၁၂ နာရီလောက်မှာတော့ ကိုဖြိုးဝေထွန်း ဦးဆောင်ပြီး ဖွင့်ထားတဲ့ ထွန်းလင်းဇမ္ဗူဆိုတဲ့ ဘော်ဒါဆောင်ကို စစ်တပ်နဲ့ရဲတွေ ဝင်ရောက် လာပြီး ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
ကိုဖြိုးဝေထွန်းကို သရက်ထောင်မှာ ထောင်ကျနေသူရဲ့ ဓာတ်ပုံပြပြီး စကားပြောခွင့် မပေးဘဲ ၁ နာရီနီးပါး ရိုက်နှက်ခဲ့ပြီးနောက် ကိုဘုန်းဝေထွန်းနဲ့ ကိုရှိုးဝေထွန်းတို့ပါ ဖမ်းခေါ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“ရိုက်နှက်ပြီးတော့ ညီအစ်ကို သုံးဦးစလုံးကို ဂွေးပင်ရဲစခန်းကိုခေါ်သွားတယ်၊ အဲဒီကနေ ည ၂ နာရီ လောက်မှာ ချောက်ကို ပြန်ကြတယ်၊ ချောက်က ခလရ (၁၃) စစ်ကြောရေးကို ကလေး နှစ်ဦးကို ခေါ်သွားပြီး ကိုဖြိုးဝေထွန်းကို ဆေးရုံပို့တယ်၊ ကိုဖြိုးဝေထွန်းက ၃ နာရီလောက်မှာ ဆုံးတယ်လို့ သတင်းကြားရတယ်” လို့ မိသားစုနဲ့ နီးစပ်သူက ဆိုပါတယ်။
ကိုဖြိုးဝေထွန်းကို ရိုက်နှက်ပြီး ညီအစ်ကို သုံးဦးစလုံးကို ဖမ်းခေါ်သွားသူတွေဟာ ချောက်မြို့ အခြေစိုက် ခလရ (၁၃) က စစ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပေးထားပါတယ်။
ဖမ်းဆီးချိန်က မိသားစုဝင်တွေရဲ့ ဖုန်းအားလုံးကို စစ်တပ်ကသိမ်းယူသွားသလို နိုဝင်ဘာလ ၂ ရက် ဒီနေ့ညနေပိုင်းအထိ အဖမ်းခံထားရတဲ့ ကိုဖြိုးဝေထွန်းရဲ့ ညီနှစ်ဦးစလုံးကို ပြန်လွှတ်မပေးသေးဘူးလို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုဖြိုးဝေထွန်းမှာ ဇနီးနဲ့ ၂ နှစ်အရွယ် သားတစ်ဦးကျန်ခဲ့ပြီး ဇနီးဖြစ်သူကတော့ အရှေ့မှာတင် အမျိုးသားကို ရိုက်နှက်ခဲ့တာကြောင့် စိတ်ဂယောင်ခြောက်ချားဖြစ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။