ဖယ်ခုံမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သားလေးဦး ဒဏ်ရာရ
2023.04.28

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် တောင်မို့ကြီးကျေးရွာမှာ ဧပြီလ ၂၇ ရက်နေ့ မနေ့က မနက်ပိုင်း ၁၁ နာရီခန့်မှာ ကျေးရွာအတွင်းကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ ကျေးရွာနေ အိမ်ခြံဝင်းတစ်ခုအတွင်း အလုပ် လုပ်နေတဲ့ အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရသွားသူတွေဟာ အသက် ၃၁ နှစ်အရွယ် ကိုမျိုးမင်းခန့်နဲ့ ကိုမျိုးမင်းခိုင်၊ အသက် ၃၆ နှစ်အရွယ် ကိုမိုးသူနဲ့ အသက် ၃၉ နှစ်အရွယ် ဦးသဲရယ်တို့ဖြစ်ပြီး ဦးခေါင်း၊ မျက်နှာ၊ ခြေ၊ လက်နဲ့ ကျောပြင်တွေမှာ ဒဏ်ရာရသွားတဲ့အတွက် သူတို့ကို လွိုင်ကော်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာတော့ ဧပြီလ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့ ဖယ်ခုံ အခြေစိုက်တပ်ကနေ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ရှစ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး အခုလို အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဖော်ပြပါတယ်။
ဧပြီလ ၂၇ ရက်နေ့ မနေ့က တစ်ရက်တည်းမှာပဲ ဒီးမော့ဆို အနောက်ဘက်အခြမ်းမှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ အခုလ ဧပြီ ၂၁ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော် (KA) ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
အခုလ ၂၆ ရက်နေ့မှာ မိုးဗြဲမြို့ညောင်ဝိုင်း ရပ်ကွက်က စစ်ကောင်စီတပ်ဖွဲ့တွေကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ မိုးဗြဲ၊ ဖယ်ခုံ လွိုင်ကော် အခြေစိုက်တပ်တွေကနေ လက်နက်ကြီး တွေနဲ့ ဆက်တိုက်ဆိုသလို ပစ်ခတ်ခဲ့လို့ ညောင်ဝိုင်းရပ်ကွက် ဘုန်းကြီး ကျောင်းမှာ ခိုလှုံနေတဲ့ သံဃာတစ်ပါး အပါအဝင် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါ သေးတယ်။
ဒါ့အပြင် အခုလ ဧပြီ ၂၅ ရက်နေ့မှာလည်း ဖယ်ခုံမြို့နယ်အတွင်းက ဆောင်းဖွေး ဆေးပေးခန်းကို လေကြောင်းက ဗုံးကြဲခဲ့လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦး အပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကယားပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေဆို တာ မရှိပါဘူး။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ NUG၊ PDF နဲ့ သူတို့ကို ထောက်ပံ့နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပြတ်ချေမှုန်းမယ်လို့ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောဆိုထားပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) ရဲ့ ဧပြီလ ၁ ရက် နောက်ဆုံးထုတ်ပြန် ချက်အရ အာဏာသိမ်းကာလအတွင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ် အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA) ၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့ကြား တိုက်ပွဲပေါင်း ၆၅၀အထိ ဖြစ်ခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု ၆၅၀ အထိ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။