ဆေးရုံတွေ လေကြောင်းတိုက်ခိုက်ခံရမှု နိုင်ငံတကာ မသိကျိုးကျွံပြုနေတယ်လို့ NUG ပြော
2023.04.29

ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီက ရည်ရွယ်ချက်ချက်ရှိရှိ အကြမ်းဖက် တိုက်ခိုက်နေတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက မသိကျိုးကျွံပြုနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေအပြင် နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံးတားဆီး အရေးယူပေးဖို့ အကြိမ်ကြိမ် အသိပေးတိုက်တွန်းခဲ့တယ်လို့လည်း NUG ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ဒေါတမကြီးဆေးရုံနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဆောင်းဖွေး ပြည်သူ့ဆေးရုံတွေကို စစ်ကောင်စီတပ်က ဧပြီလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့အပြီးမှာ NUG ကျန်းမာရေးဝန်ကြီးဌာနက အခုလို ထုတ်ပြန်တာပါ။
စစ်ကောင်စီဘက်ကတော့ အဲဒီလေကြောင်း တိုက်ခိုက်မှုနှစ်ခုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မတွေ့ရပါဘူး။
စစ်ကောင်စီဘက်သတင်းတွေ ဖော်ပြလေ့ရှိတဲ့ People Media မှာတော့ ဖယ်ခုံမြို့နယ်၊ အနောက်က ယန်းအုပ်စု၊ ဆောင်းဖွေးရွာမှာ တပ်စွဲထားတဲ့ KNPP/PDF စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေကို ဆေးကုသပေးနေတဲ့ ဖယ်ခုံမြို့နယ် ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီတပ်က ဧပြီ ၂၅ ရက်နေ့လယ်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူငါးဦး ဒဏ်ရာရခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ဒေါတမကြီးဆေးရုံကို စစ်ကောင်စီတပ်က မတ်လ ၂၄ ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံလုံးဝပျက်စီးခဲ့ပြီး ဆေးရုံအနီးက ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။