ဗိုလ်ချုပ်ကျောက်တိုင် မြေနေရာ ပြည်သူပိုင် အဖြစ် သတ်မှတ်စေလို


2014.11.02

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် အင်းတကော်ကျေးရွာက ဗိုလ်ချုပ်ကျောက်တိုင်နဲ့ ဗိုလ်တဲမြေနေရာ ကို ပြည်သူပိုင်အဖြစ် သတ်မှတ်ပေးဖို့ ဒေသခံ ၂ဝဝ ကျော်က ပဲခူးမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကုမ္ပဏီတစ်ခုက သိမ်းဆည်းထားတဲ့ ဗိုလ်ချုပ်ကျောက်တိုင်နဲ့ ဗိုလ်တဲမြေနေရာ ပြန်လည်ရရှိဖို့ ပြီးခဲ့ တဲ့ အောက်တိုဘာလ ၅ ရက်နေ့က ဒေသခံတွေက သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲကို လူအုပ်စုတစ်ချို့က ဝင်ရောက်ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ဒေသခံတစ်ဦးဖြစ်သူ ကိုတင်နိုင်အေးက မြေနေရာကို ပြည်သူပိုင်သတ်မှတ်ပေးဖို့အပြင် ရိုက်နှက်ခဲ့သူတွေကို အရေးယူပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

"တောင်းဆိုချက်က ဒေသအာဏာပိုင်တွေပူးပေါင်းပြီး တပ်မြေသိမ်းမှှုကို အမြန်ဆုံးဖော်ထုတ်ပေးရေး  ၅ ရက် ၁ဝ လ ၂ဝ၁၄ နေ့ အင်းတကော်မြို့နယ်က သတင်းစာရှင်းလင်းပွဲ အကြမ်းဖက်ရိုက်နှက်ခံ သူများ၏ နောက်ကွယ်မှကြိုးကိုင်သူများကို အမြန်ဆုံး အရေးယူပေးရေး၊ အင်းတကော် ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးအနီးရှှိ မင်းမဲ့စရိုက်၊ တရားဥပဒေ စိုးမိုးရေးကို နေ့ခင်းပြောင်ပြောင်တင်းတင်းကြီး ချိုးဖောက်သူများကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူပေးရေး သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်မှှုနဲ့ တရားဥပဒေစိုးမိုးမှှု မရှိတဲ့အကြောင်းကို ဆန္ဒပြတာပါ"

အင်းတကော်မြို့နယ် အင်းတကော်ကျေးရွာကို ဗိုလ်ချုပ်အောင်ဆန်း စည်းရုံးရေး လုပ်ငန်းစဉ်တွေဆောင်ရွက် စဉ် ရောက်ရှိခဲ့ပြီးအဲ့ဒီဗိုလ်တဲမှာ တည်းခိုခဲ့ဖူးတဲ့အတွက် ဒေသခံတွေက ကျောက်တိုင်နဲ့ ဗိုလ်တဲမြေနေရာကို ပုဂ္ဂလိကကုမ္ပဏီကို မရောင်းပဲ ပြည်သူပိုင်အဖြစ်သာ ထားလိုကြပါတယ်။

ဝင်ရောက်ရိုက်နှက်ခဲ့သူတွေကို အင်းတကော်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် အခုချိန်ထိ အမှုမစစ်သေးဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။