ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ
2013.03.30

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီးတာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည်တည်ငြိမ်လာနေပြီ လို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။
ပဲခူးတိုင်းအနာက်ခြမ်းက မြို့တချို့မှာ အပျက်အစီးတွေကို ဒေသခံတွေကပါ ဝိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။
နတ်တလင်းမြို့နယ်မှာ ပျက်စီးသွားတဲ့ ဗလီတွေနဲ့ အိမ်တွေကို ဒေသခံတွေက မတ်လ ၃၀ ရက် ဒီကနေ့မနက်ပိုင်းကစပြီး သန့်ရှင်းရေးတွေ၊ ပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်ပေးနေကြကြောင်း ကိုယ်တိုင်ကူညီနေသူတစ်ဦးဖြစ်တဲ့ နတ်တလင်းဒေသခံ ကိုမိုးဇော်က ပြောပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ နေအိမ်တွေ အဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် လာရောက်လှူဒါန်းထားတဲ့ အစားအစာတွေကို ဝေခြမ်းရေး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇေယျာက ပြောပါတယ်။
စစ်ကွင်းမြို့မှာလည်း အကြမ်းဖက်သူလူတစ်စုကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခြေအနေဟာ ပြည်လည်တည်ငြိမ်နေပြီလို့ စစ်ကွင်းဒေသခံ ဒေါ်ကြည်က ပြောပါတယ်။