သရက်မြို့ ပဋိပက္ခမှာ ပါဝင်သူတွေကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်
2019.02.02

မကွေးတိုင်း သရက်မြို့မှာ မနေ့ညနေက ဒေသခံအချင်းချင်း ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ ပါဝင်သူတွေကို သရက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေကို နာကျင်စေမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်လိုက်ကြောင်း မကွေးတိုင်းဒေ သကြီးရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို နာကျင်စေမှု ပုဒ်မ ၃၃၂၊ ခြိမ်းခြောက်မှု ပုဒ်မ ၂၉၄၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄ တို့နဲ့ တရားစွဲဆိုထားတာလို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်က RFA ကို ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားချိန်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။
ဒေသခံတွေအချင်းချင်း မနေ့ကဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် လူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့က လူစုခွဲဖို့ကြိုးစားရာမှာ ရာဘာကျည်အသုံးပြုပြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သေနတ်ဒဏ်ရာရရှိသူ ၂ ဦးဟာ သရက်ခရိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုထက်အာကာတို့ ပေးပို့တာပါ။