သရက်မြို့ပဋိပက္ခ ရဲကပစ်ခတ်ဖြိုခွင်းလို့ ၁၈ ဦး ဒဏ်ရာရ
2019.02.01
မကွေးတိုင်း သရက်မြို့ လမ်းမတော်လမ်းမှာ မနေ့ညနေပိုင်းက ဒေသခံပြည်သူတွေကြား ပဋိပက္ခ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ် ဖြိုခွင်းတဲ့အတွက် ၁၈ ဦးဒဏ်ရာရရှိသွားပါတယ်။
အဲဒီထဲကနှစ်ဦးကို သရက်ဆေးရုံမှာ ကုပေးနေပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သရက်မြို့ ဒေသခံသတင်းထောက်တဦးက RFA ကို ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ မြို့နယ်ဘောလုံးပွဲကနေ ပြန်လာတဲ့ ရေပေါ်ကျွန်းရွာသားတွေ ဘောလုံးကွင်းနဲ့ လေးဖာလုံလောက်အကွာ လမ်းမတော်လမ်းက “မဒီနာ” လက်ဘက်ရည်ဆိုင်ရှေ့မှာ ပဋိပက္ခဖြစ်ခဲ့တာလို့ အဲဒီသတင်းထောက်က ပြောပါတယ်။
ဘာသာခြားတဦးရဲ့ မော်တော်ကားကို ပုတ်လိုက်ရာကနေ ခိုက်ရန်ဖြစ်ပွားပြီးနောက် လူစုလူဝေး ဖြစ်လာတာလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်က RFA ကို ပြောပါတယ်။
ဒီရန်ပွဲကို ရဲတပ်ဖွဲ့က သွားရောက်တားမြစ်ပေမယ့် ရွာသားတွေက တုတ်တွေခဲတွေနဲ့ ခုခံတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တချို့ ထိမှန်သွားသလို၊ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ပစ်တဲ့အတွက် အရပ်သားတွေ ဒဏ်ရာရသွားတာလို့ သရက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောပါတယ်။ ဒီကိစ္စဟာ လူတချို့ ပြောနေကြသလို လူမျိုးရေး ပဋိပက္ခ မဟုတ်ဘူးလို့လည်း ဦးထွန်းရွှေက ပြောပါတယ်။
ဒဏ်ရာမစိုးရိမ်ရတဲ့သူတွေကို နေရပ်ပြန်ပို့ပေးလိုက်ပြီး၊ လှုံ့ဆော်တာတွေ မတည်ငြိမ်တာတွေ ထပ်ဖြစ်မအောင် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
မကွေးတိုင်းရဲတပ်ဖွဲ့ကတော့ သရက်မြို့လုံခြုံရေးအခြေအနေ ပုံမှန်အတိုင်း ရှိနေတယ်လို့ မနေ့ညက RFA ကို ပြောပါတယ်။