ပဲခူးတိုင်း မင်းလှ၊ စစ်ကွင်းမြို့တွေမှာ ဗလီတွေ အဖျက်ဆီးခံရ


2013.03.28
zekon-mosque-305.jpg မတ်လ ၂၅ ရက်နေ့က ဖျက်စီးခံရတဲ့ ဇီးကုန်းမြို့လယ်က ဂျာမေဗလီအား တွေ့ရစဉ်
photo: RFA/ Moe Thu Aung

ရန်ကုန်မြို့နဲ့ မိုင ်၁၀၀ ကျော်လောက်သာဝေးတဲ့ ရန်ကုန်-ပြည် ကားလမ်းတလျှောက်မှာရှိတဲ့ ပဲခူးတိုင်းမြို့နယ်အချို့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကျောင်းတွေနဲ့ နေအိမ်တွေကို  ဒီကနေ့မှာလည်း အကြမ်းဖက် ဖြိုဖျက်ခဲ့ကြ တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့သတင်းပတ်တွေက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပဲခူးတိုင်း အနောက်ခြမ်းဘက်ကမြို့တွေဆီ ကူးစက်လာကာ ဒီရက်ပိုင်းအတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီ၊ နေအိမ်အဆောက်အဦးတွေကို ရက်ဆက်ဆိုသလို ဖြစ်ပွားနေကြတာပါ။ မင်းလှမြို့နယ်ထဲမှာ  ဒီကနေ့မနက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တစ်ချို့နဲ့ ဗလီတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ မင်းလှမြို့ဒေသခံ ဦးကျော်မြင့်က RFA ကိုပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီကနေ့နေ့လည်ပိုင်းကလည်း စစ်ကွင်းမြို့မှာ ဗလီကျောင်းကို ဖျက်ဆီးတဲ့ဖြစ်စဉ်ကို ဒေသအာဏာပိုင်တွေက အချိန်မီ ထိန်းသိမ်းခဲ့လိုက်ရသေးတယ်လို့ သိရပါတယ်။ အဲဒီမြို့မှာ မနက်ပိုင်းကတည်းက ဒေသခံတွေအနေနဲ့ ဈေးအရောင်းအဝယ်တွေကို စောစောသိမ်းခဲ့ကြပြီး အထိတ်တလန့်နဲ့ စောင့်ကြည့်နေကြရတယ်လို့ဆိုပါတယ်။ စစ်ကွင်းမှာ ဒီကနေ့နေ့လည်ခင်းက ဖြစ်ပွားခဲ့ပုံကို အဲဒီဒေသခံတစ်ဦးက ခုလိုပြောပါ တယ်။

"ဈေးတဲတွေကတော့ ဈေးကိုမြန်မြန်ရောင်းချပြီး ဈေးသိမ်းသွားကြတယ်၊ အခုမွန်းလွဲပိုင်းလောက်ကျမှ လှုပ်ရှားမှုတွေကစဖြစ်လာတာ၊ ၂ နာရီခွဲလောက်မှာ ဗလီကိုလူနည်းနည်း ၁ဝ ယောက်လောက်နေပြီးတော့ သူတို့မှာပါလာတဲ့ တုတ်တွေတို့ တူတွေတို့ အဲဒါတွေနဲ့ထုတယ်၊ နောက်မှ ရဲ ၃ ယောက်က ဆိုင်ကယ်တွေနဲ့ ရောက်လာတာနဲ့ ထွက်ပြေးသွားကြတယ်၊ သူတို့ညာသံတွေပေးပြီးတော့ အော်ဟစ်ပြီးတော့ သွားထုကြတာ၊ ရဲတွေကတော့ အဲလူတွေကို လိုက်ပြီးတော့ လူတွေကလည်း အရှေ့ကနေထွက်သွားတော့ သူတို့လည်းပဲ အဲမှာပဲနေခဲ့တယ်၊ နောက်ရဲတွေက ဗလီထဲဝင်သွားတယ်၊ အုပ်ချုပ်ရေးဌာနပိုင်းက လူတွေဖြစ်လိမ့်မယ်ထင်တယ်၊ သူတို့တွေကလည်း ဝင်လိုက်သွားပြီးတော့ အခုတော့ ဗလီထဲက ပြန်ထွက်သွားကြပြီ"

မတ်လ ၂၅ ရက်နေ့ကတည်းက အဲဒီမြို့တွေဆီမှာ ဖြစ်ပွားခဲ့တဲ့အတွက် မြို့နယ် ၇ မြို့နယ်ကို မတ်လ၂၆ ရက်နေ့ကတည်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ည ၇ နာရီကနေ မနက် ၅ နာရီထိ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီမြို့တွေမှာ ညဘက်တွေမှာတော့ အကြမ်းဖက်ဖျက်ဆီးမှုတွေ မရှိခဲ့ကြပေမယ့်လည်း ဒီရက်ပိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေမှာ လူစုလူဝေးတွေက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေကို လိုက်လံဖျက်ဆီးနေကြတယ်လို့ သိရပါတယ်။

လတ်တလောမှာ နိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်း အသီးသီးတွေကလည်း ဒီအရေးအခင်း ဆက်လက်မဖြစ်ပွားစေဖို့အတွက် ကြေငြာချက်တွေ ထုတ်ပြန်ကာ ထိန်းသိမ်းနေကြရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။