ပဲခူးတိုင်း ရေဘေးဒဏ်ကြောင့် လူတစ်သောင်းကျော် ရွှေ့ပြောင်း
2013.10.31

ပဲခူးတိုင်းဒေသကြီးမှာ အခုရက်ပိုင်းအတွင်း မိုးကြီးလွန်း တာကြောင့် မနေ့ကစပြီး တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့နယ် ဒေသခံကျေးရွာတွေက လူပေါင်း တစ်သောင်းကျော်လောက် ရေဘေး လွတ်ရာ ပြောင်းရွှေ့နေရပြီး ရေဘေးကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
တောင်ငူမြို့နယ်အတွင်းက ရေလွှမ်းမိုးမှုတွေနဲ့ ပတ်သက်လို့ ရေဘေးကယ်ဆယ်ရေးကို ဦးဆောင်ကူညီနေတဲ့ တောင်ငူမြို့ နယ် မီးသတ်ဦးစီးမှူး ဦးခင်မော်က RFA ကို အခုလို ပြောပါတယ်။
“အဲဒီရေတက်တဲ့ နေရာတွေမှာပေါ့နော်၊ ယာယီစခန်းလေးတွေ ဖွင့်ပေးထားတယ်၊ ဒုက္ခသည်စခန်းက လက်ရှိတော့ ၂၁ ခုရှိတယ်ခင်ဗျ၊ ကူညီပြောင်းရွေ့မှုတွေ လုပ်ပေးပါတယ်”
စစ်တောင်းမြစ်ရေ မြင့်တက်မူကြောင့် တောင်ငူမြို့က ရပ်ကွက် ၁ ၊ ၈၊ ၉ ရပ်ကွက်တွေနဲ့ တောင်ငူမြို့နယ် ပထန်းပင်ရွာ၊ မိုးကောင်းရွာ၊ အရှေ့ဆင်ရွာစတဲ့ ကျေးရွာတွေ ရေနစ်မြုပ်နေပါတယ်။ ရေတာရှည်မြို့မှာ ရေကြီးလွန်းတာကြောင့် မနေ့က ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရေကြီးမှုဟာ ပြီးခဲ့တဲ့ ဆယ်နှစ်လောက်အတွင်း အကြီးမားဆုံးရေကြီးမှုလို့ သိရပါတယ်။