မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် နေရာ အများအပြား ရေလွှမ်းမိုး


2013.07.29

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့မှာ ဘီးလင်းချောင်းရေကြီးတာကြောင့် ချောင်းကမ်းနားဘေးနဲ့  မြေနိမ့်ပိုင်းက လူဦးရေ ၁ဝဝ ကျော်လောက် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံနဲ့ အထက်တန်းကျောင်းဝင်းမှာ ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

လတ်တလော မြို့ခံတွေက ကူညီဆောင်ရွက်ပေးနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

"ရေကတော့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က တခါကြီးဖူးတယ်လေ၊ ချောင်းကမ်းနားနဲ့ ပတ်ဝန်းကျင် မြေနိမ့်တဲ့ဒေသတွေပေါ့၊ ရေဝင်တဲ့ဒေသတွေက အကုန်ရွေ့ပေါ့၊ ရွေ့တယ်ဆိုတာ ကိုယ့်အစီအစဉ်နဲ့လည်း ကိုယ်ရွေ့ကြတာပေါ့၊ မြို့ခံတွေကလည်း ရွေ့ပေးတာလဲပါတာပေါ့၊ အပြင်ကမလာပါဘူး၊ မြို့ခံတွေက ထမင်းထုပ် ဘာညာလာတာပေါ့"

ဒါ့အပြင် ဘီးလင်းချောင်း ရေကြီးတာကြောင့် မော်တော်ကားကားတွေ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူပဲ ကရင်ပြည်နယ် နေရာဒေသ အနှံ့အပြားမှာလဲ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေပြီး ဘားအံနဲ့ မြဝတီမြို့တွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်ထားရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဘားအံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီအပါဝင် ဒေသတော်တော်များများမှာ ရေကြီးနေပြီး ဘားအံမြို့မှာတော့ သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် ဒုက္ခသည်စခန်းတွေကို နေရာသုံးနေရာမှာ ဖွင့်လှစ်ထားတယ်လို့ ဘားအံမှာနေထိုင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က အခုလို ပြောပါတယ်။

“ရေတွေကြီးနေပြီ၊ ဒုက္ခသည်စခန်းတွေ ကျောင်းတွေမှာ ဖွင့်နေရပြီ၊ အမှတ် ၅ ရပ်ကွက်က ၄ ပုံ ၃ ပုံလောက်မြုပ်သွားပြီ၊ အမှတ် ၁ ရပ်ကွက်လည်းများတယ်၊ ရွာတွေက ဘုရားသုံးဆူဖက်က ဖုန်းဆက်တာကတော့ ရုံးတောင်မြုပ်သွားပြီ အလံတိုင်ပဲကျန်တော့တယ်”

ဒါ့အပြင် ဒေါနတောင်အတက် ကားလမ်းပေါ်မှာလည်း မြေပြိုတာတွေဖြစ်ပွါးနေပြီး ရေကြီးရေလျှံမှုတွေကြောင့် မြဝတီ ဘားအံကားလမ်းကိုလည်း ခေတ္တပိတ်ထားရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။