တပ်မတော်ရဲ့ ငြိမ်းချမ်းရေးကြေညာချက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဆွေးနွေး
2018.12.27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး ကြေညာချက်နဲ့ ပတ်သက်ပြီး KIO ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ မနေ့က အစည်းအဝေး ကျင်းပခဲ့ပါတယ်။
တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ တွေ့ဆုံဆွေးနွေးရေးလမ်းစဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့ ၄ ဖွဲ့ ပါဝင်ပါတယ်။
ဆွေးနွေးပွဲကို တရုတ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး၊ အစိုးရ၊ တပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လေးဖွဲ့ အတူတကွ တွေ့ဆုံဆွေးနွေးမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ အသိသက်သေတွေအဖြစ်နဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တွေကိုပါ ဖိတ်ကြားမယ်လို့ သိရပါတယ်။
သမ္မတဦးဝင်းမြင့်အနေနဲ့ မြန်မာ့တပ်မတော် စစ်တိုင်းအားလုံးက စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို တပြိုင်နက် ရပ်ဆိုင်းရေး တောင်းဆိုပေးဖို့နဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်က စစ်ရေးလှုပ်ရှားမှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က တောင်းဆိုထားပါတယ်။
ဒီအတွင်း မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ ထိန်းချုပ်နိုင်ရေးအတွက် လုံခြုံရေး တင်းကြပ်မယ်လို့ အိန္ဒိယအစိုးရ အာသံရိုင်ဖယ်တပ်က ပြောပါတယ်။
အိန္ဒိယစစ်တပ် ရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်က အာသံရိုင်ဖယ်တပ်တွေကို နယ်စပ်တလျှောက် အင်အားပိုမိုချထားမှာဖြစ်သလို၊ တပ်စွဲနယ်မြေတွေကိုလည်းတိုးချဲ့မယ်လို့ သိရပါတယ်။ အဲဒီနယ်မြေတွေထဲမှာ အရူနာချယ်၊ နာဂလဲန်း၊ မဏိပူ နဲ့ မီဇိုရမ် ပြည်နယ်တွေပါဝင်ပါတယ်။
အဲဒီနယ်မြေတွေမှ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုး မရှိသေးပါဘူး။