စစ်ကောင်စီနဲ့ အပစ်ရပ်ခုနစ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်

RFA Burmese
2022.12.25
စစ်ကောင်စီနဲ့ အပစ်ရပ်ခုနစ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက် စစ်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ ဆုံခဲ့စဉ်။
Myanmar Military

အခုရက်ပိုင်းအတွင်း နေပြည်တော်မှာတွေ့ဆုံဖို့ စီစဉ်ထားတဲ့ စစ်ကောင်စီနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့တို့ရဲ့ တွေ့ဆုံပွဲ ပျက်သွားပြီလို့ အဲဒီအဖွဲ့တွေက RFA ကိုပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ဒီလထဲမှာတွေ့ကြဖို့ဆိုပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီက အပစ်ရပ်ခုနစ်ဖွဲ့ထံ အကြောင်းကြားခဲ့တာပါ။

ဒီဆွေးနွေးမှုဟာ ကျယ်ပြန့်လွန်းပြီး အချိန်ပေးဖို့လိုနေသေးတာကြောင့် တွေ့ဆုံဖို့ မဖြစ်နိုင်တဲ့အကြောင်း ခုနစ်ဖွဲ့က စစ်ကောင်စီဘက်ကို အကြောင်းပြန်ခဲ့တယ်လို့ အလွတ်သဘောတွေ့ဆုံရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကိုပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖို့ ဆွေးနွေးရမယ့် အချက်တွေဆိုတာကလည်း ၁၉ ရက်နေ့မှာ စာပို့ပြီးတော့ ၂၇ ရက်နေ့မှာ ဆွေးနွေးမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီလောက်တစ်နိုင်ငံလုံးနဲ့ လွမ်းခြုံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မယ့် အချက်အလက်တွေဆိုတာ တော်တော်လေး ကျယ်ပြန့်တယ်လေ။ တစ်ကယ်ပဲ ကျနော်တို့အတွက် အဆင်မပြေဘူးဗျ။ တရားဝင်တွေ့ဆုံပွဲတွေမလုပ်ခင် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးကနေ တစ်ဆင့် ဆွေးနွေးမယ့်အကြောင်းအရာ၊ တွေ့ဆုံမယ့်နေရာတွေ ကြိုတင်ညှိနှိုင်းရင်တော့ နှစ်ဖက်စလုံးအတွက် လူးသာလွန့်သာရှိတာပေါ့ဗျာ”

အပစ်ရပ် ခုနစ်ဖွဲ့ကတော့ အခုလို တရားဝင်မတွေ့ဆုံခင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုတွေ လိုအပ်တယ်လို့ အခုလ အစောပိုင်းကတည်းက စစ်ကောင်စီကို အကြောင်းကြားခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ ဒီဇင်ဘာလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ အပစ်ရပ် ခုနစ်ဖွဲ့ကို အကြောင်းကြားလာတာဟာ အလွတ်သဘော တွေ့ဆုံမှုမလုပ်ဘဲ တရားဝင်တွေ့ဆုံမှုသာ လုပ်ချင်နေတဲ့ သဘောဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခန့်အပ်ထားတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အလွတ်သဘော တွေ့ဆုံဖို့ အပါအဝင် အချက်လေးချက်နဲ့ ဒီဇင်ဘာလ ၇ ရက်မှာ အကြောင်းကြားခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ တွေ့ဆုံဖို့ အဆင်မပြေသေးတဲ့အကြောင်း အဲဒီအချိန်က အပစ်ရပ်ခုနစ်ဖွဲ့ကို တုံ့ပြန်ခဲ့ပါတယ်။

အပစ်ရပ်ခုနစ်ဖွဲ့ထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ(KNLA - PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။