မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် တေ့ွဆုံ
2019.02.25

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကေအိုင်အေ၊ AA ၊ MNDAA နဲ့ TNLA တို့ ဒီနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆံုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်ဖို့နဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး KIA ဘက်က ဆွေးနွေးဖို့ရှိတယ်လို့ KIA ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ဒီနေ့ ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို အစိုးရငြိမ်းချမ်းရေး ကော်မရှင်က ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး တို့ ဦးဆောင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင် ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းအဖွဲ့တွေ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးဆန်းအောင်က တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ AA ရခိုင်အဖွဲ့အပါအဝင် မြောက်ပိုင်းက အဖွဲ့ ၄ ဖွဲ့နဲ့ တွေ့ဆုံတာဖြစ်တဲ့အတွက် တိုးတက်တဲ့ သဘောရှိတယ်လို့ ပြောပါတယ်။
AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင် ၄ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ ဒီနေ့ တွေ့ဆုံခဲ့ကြကြောင်းနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးကြောင်း RFA ကို ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။
တပ်မတော်က စစ်တိုင်းဒေသကြီး ၅ ခုမှာ ၄ လကြာအပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး ၊ စစ်ရေးနဲ့ ပတ်သက်တဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်မယ်လို့ ထုတ်ပြန် ကြေညာထားတာ အခုဆိုရင် ၂ လကြာ ရှိနေပြီဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။