ဖယ်ခုံ ခမရ ၃၃၆ စစ်တပ် တိုက်ခိုက်ခံရ၊ ငါးဦးထက်မနည်းသေဆုံးလို့ PDF Pekhon ထုတ်ပြန်

2021.10.23
ဖယ်ခုံ ခမရ ၃၃၆ စစ်တပ် တိုက်ခိုက်ခံရ၊ ငါးဦးထက်မနည်းသေဆုံးလို့ PDF Pekhon ထုတ်ပြန် ဖယ်ခုံမြို့ ခမရ (၃၃၆) ကို PDF Pekhon က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ သေနတ် ၅ လက်ကို ၂၀၂၁ အောက်တိုဘာ ၂၂ ရက်နေ့က သိမ်းယူခဲ့စဉ်
Photo: PDF Pekhon

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အခြေစိုက် ခမရ ၃၃၆ စစ်တပ်ရဲ့ ကင်းစခန်းကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF Pekhon က အောက်တိုဘာ ၂၂ ရက်နေ့ညပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ငါးယောက် သေဆုံးခဲ့တယ်လို့ PDF Pekhon က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းနဲ့ ကယားပြည် နယ်စပ်မြို့ဖြစ်တဲ့ ဖယ်ခုံမြို့ပေါ်က ခြေမြန်တပ်ရင်း ခမရ (၃၃၆) မှာ ကင်းစောင့်နေသူ တွေကို အောက်တိုဘာ ၂၂ ရက်၊ ည ၉ နာရီခွဲအချိန်မှာ PDF Pekhon က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ငါးဦးသေဆုံးသလို သေနတ် ၅ လက်ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးဘက်ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

PDF Pekhon ဘက်ကတော့ ထိခိုက်၊ ကျဆုံးသူမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း မိုးဗြဲဘက်က ဖယ်ခုံ-လွိုင်ကော် ကားလမ်းမတစ်လျှောက် စစ် ကြောင်းထိုးလာတဲ့ စစ်ကား အစီး ၄၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ ကယားပြည် (ကရင်နီပြည်) က PDF တွေနဲ့ လွိုင်ကော်မြို့အနီး ကုန်းသာရွာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲမှာတော့ PDF Pekhon က လေးယောက် ကျဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။