စစ်တောင်းမြစ်အရှေ့ဘက် တိုက်ပွဲမှာ PDF ရှစ်ဦး သေဆုံး

RFA Burmese
2025.01.05
စစ်တောင်းမြစ်အရှေ့ဘက် တိုက်ပွဲမှာ PDF ရှစ်ဦး သေဆုံး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းတပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း တွေ့ရစဉ်။
Facebook/ ပုဝါနီစစ်ကြောင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက် ပိန္နဲပင်နဲ့ ရေလွှဲရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးသွားတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ပြောပါတယ်။

ဇန်နဝါရီလ ၂ ရက်နဲ့ ၃ ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပြီး ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းက ရဲဘော် ငါးဦး၊ နေပြည်တော် PDF တပ်ရင်း (၉၀၁) က ရဲဘော် သုံးဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဝါနီစစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ပုဝါနီစစ်ကြောင်းက ရဲဘော် ငါးဦး ကျဆုံးတယ်။ နေပြည်တော် (၉၀၁) တပ်ရင်းက သုံးဦး ကျဆုံးတယ်။ စုစုပေါင်း ရှစ်ဦးပါ။ နောက်ထပ်နှစ်ဦးက ထိခိုက်ဒဏ်ရာရပါတယ်"

တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက် ပုဝါနီစစ်ကြောင်းနဲ့ နေပြည်တော် (၉၀၁) တပ်ရင်းက လေးစားဂုဏ်ယူပြီး မပြီးဆုံးသေးတဲ့ စစ်ကောင်စီ အမြစ်ပြတ်ရေးတိုက်ပွဲကို အားသွန်ခွန်စိုက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ဖြူးမြို့နယ် ရမ်းနဂါးရွာ ဟိန္ဒူဘုရားကျောင်းအနီးကို စစ်ကောင်စီတပ်က ဒရုန်းဗုံးနဲ့ တိုက်ခိုက်တာကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ခုနစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။