တရုတ် ကြေးနီစီမံကိန်းကို လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်သားတွေ တိုက်ခိုက်ခံရ

RFA Burmese
2024.01.09
တရုတ် ကြေးနီစီမံကိန်းကို လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်သားတွေ တိုက်ခိုက်ခံရ ဆားလင်းကြီးမြို့နယ် တရုတ်ကြေးနီစီမံကိန်းတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့သည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ကတွေ့ရစဥ်။
Burma Liberation Democratic Front - BLDF

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ် ကြေးနီစီမံကိန်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ ဇန်နဝါရီ ၆ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ဆားလင်းကြီး - ညောင်ပင်ကြီးလမ်းမပေါ် တရုတ် ကြေးနီစီမံကိန်း ဂိတ်ပေါက်အနီးမှာ လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီ တပ်သားတွေဟာ တရုတ်စီမံကိန်းကို လုံခြုံရေး ယူပေးရမယ့်အစား ဒေသခံ အရပ်သားတွေကို စစ်ဆေးတာ၊ ငွေတောင်းခံတာတွေ လုပ်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရက ချမှတ်ထားတဲ့ တရုတ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ မထိခိုက်အောင် လိုက်နာပါတယ်။ ဒီစစ်ကောင်စီ တပ်သားတွေက လမ်းပေါ်ထွက်ပြီး အရပ်သားတွေကို ဖမ်းတယ်၊ ငွေတောင်းတာ ရှိတယ်။ ဒါကြောင့် ကင်းတဲကို ဝင်ပစ်တာပါ။ စစ်ကောင်စီ တပ်သားတွေက တရုတ်စီမံကိန်း လုံခြုံရေး ယူပေးနေတာ မဟုတ်တော့ဘဲ အရပ်သားတွေကို ထိခိုက်အောင် လုပ်လာလို့ပါ”

တရုတ်စီမံကိန်းအထဲမှာရှိတဲ့ စစ်ကောင်စီ တပ်သားနဲ့ ရဲတပ်သားတွေ အနေနဲ့လည်း ကုမ္ပဏီလုံခြုံရေး ယူပေးတဲ့ အလုပ်ကိုပဲ လုပ်ဖို့လိုပြီး အရပ်သားတွေကို ထိခိုက်လာအောင် မလုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်အတွင်း စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဆားလင်းကြီးမြို့နယ်ထဲက တရုတ်စီမံကိန်းတွေကို လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ရိက္ခာနဲ့ ပစ္စည်းတွေ သယ်ယူတဲ့အခါ စီမံကိန်းအနီးက ရွာတွေကို နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုးလေ့ရှိပြီး ဒေသခံတွေလည်း မကြာခဏ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။