စစ်ကောင်စီကိုတော်လှန်ဖို့ PDF အချင်းချင်းမဟာမိတ်ဖွဲ့ပြီး ကြိုးပမ်းလာ
2021.09.01
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်တွေနဲ့ တော်လှန်တိုက်ခိုက်နေကြတဲ့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကချင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၁၂ ဖွဲ့တို့ကို မဟာမိတ်တွေအဖြစ် ပူးပေါင်းလိုက်ကြောင်း သြဂုတ် ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တော်လှန်ရေးမှာ ပိုမိုထိရောက်နိုင်ဖို့အတွက် အခုလို ပူးပေါင်းလိုက်တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်အဖွဲ့တွေ ထပ်မံပူးပေါင်းလာမယ်ဆိုရင်လည်း စိစစ်လက်ခံဖို့ရှိတယ်လို့ မဟာမိတ်အဖြစ် ပူးပေါင်းရာမှာပါဝင်တဲ့ မြင်းခြံအခြေစိုက် နှလုံးလှလူမိုက်ကြီးများအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
"အင်အားတစ်ရပ်အနေနဲ့ ပေါင်းစည်းလိုက်တဲ့သဘောပေါ့၊ ဘယ်အဖွဲ့က ဘာလိုအပ်တယ်ဆိုတာ ကူညီရနိုင်အောင် နယ်မြေအလိုက်ပေါ့။ ဒီအဖွဲ့ရောပါမှ ၁၂ ဖွဲ့ပါ။ ကျန်တဲ့အဖွဲ့တွေလည်း ပူးပေါင်းဦးမယ် ဆိုရင် ခေါင်းဆောင်တွေ စည်းဝေးတိုင်ပင်ပြီး လက်ခံလို့ရအောင် စိစစ်ကြမှာပေါ့"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကလည်း ချင်းပြည်နယ်ထဲမှာ စစ်တပ်နဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်နေတဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ် CDF၊ ကန်ပက်လက် ပြည်သူ့ကာကွယ်ရေးတပ် CDF၊ ချင်းအမျိုးသား အဖွဲ့ချုပ် (ဖလမ်းနဲ့ ကလေး၊ ကဘော်) နဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး (တီးတိန်၊ တွန်း ဇံ၊ ကလေး) တို့ လေးဖွဲ့ဟာ မဟာမိတ်တွေအဖြစ် ပေါင်းစည်းလိုက်ကြပါတယ်။
သြဂုတ်လတစ်လလုံး မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ မင်းတပ် CDF တပ်ဖွဲ့တို့ဟာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေဖြစ်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ လူအင်အားမမျှတတဲ့ အခြေအနေရှိလာတဲ့အတွက် တခြား CDF တပ်ဖွဲ့တွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းထားရတာလို့ မင်းတပ် CDF က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"အဓိကအားဖြင့် အပြန်အလှန် စစ်ကူပေးခြင်းသော်လည်းကောင်း၊ တစ်နိုင်ငံလုံး ထကြွမယ်ဆိုရင် ပြိုင်တူ ထကြွမယ်ပေါ့လေနော်။ သတင်းအချက်အလက်တွေ အားဖြင့်သော်လည်းကောင်း၊ စစ်ရေးအားဖြင့် သော်လည်းကောင်း အချင်းချင်းကူညီလို့ရအောင် စစ်ရေးအတွက် ဦးတည်ပြီးတော့ အားလုံးအတွက် အချိတ်အဆက်ရှိအောင် မဟာမိတ်ဖွဲ့ထားတာပါ၊ NUG နဲ့ ချိတ်ဆက်ဆောင်ရွက်တာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ဆောင်တာ အများစုကို ကိုယ့်အဖွဲ့ဆုံးဖြတ်ချက်နဲ့ လုပ်တာများပါတယ်။ တိုက်ပွဲဖြစ်လို့ ကုန်ကျတဲ့ ကျည်ဆန်တွေ၊ ဘာတွေက ကျွန်တော်တို့က တင်းခံထားရတာပေါ့။ အချိန်ကြာတာနဲ့အမျှ သူတို့က သာလွန်အင်အားအများကြီးနဲ့ လက်နက်ကြီးတွေနဲ့ဆိုတော့ နောက်ပိုင်းမှာ လက်နက်ခဲယမ်း၊ လူအင်အားအရ ရုန်းကန်ရတာပေါ့။ ဒီတစ်ပွဲ နိုင်အောင်တိုက်လိုက်ရုံနဲ့ အာဏာရှင် ပြုတ်ကျသွားမှာ မဟုတ်တဲ့အတွက် ရေရှည်ငဲ့ပြီး ဆုတ်သင့်တာ ဆုတ်ရတာပေါ့။ လူအခြေအနေ၊ လက်နက်အခြေအနေအရ ကျွန်တော်တို့ဘက်က အားလုံး ပြင်ဆင်ပြီးမှ အားလုံးလက်တွဲညီညီနဲ့ လက်တွဲတိုက်ခိုက်မှ အခု မဟာမိတ်ဖွဲ့တာ အဲဒီအကြောင်းအချက်တွေ ပါတယ်ခင်ဗျ"
ချင်းပြည်နယ်ထဲက CDF တပ်ဖွဲ့ဝင်တွေကတော့ ဧပြီလလယ်လောက်ကတည်းက စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
"ပြည်သူကို လုံးဝမထိခိုက်အောင် ပထမ ဦးစားပေးပဲ"
မင်းတပ်မြို့မှာဆိုရင် သြဂုတ်လ ၃၁ ရက် နေ့အထိ တောက်လျှောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ မင်းတပ် CDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ မူကိုက ပထမဆုံး ပြည်သူကို မထိခိုက်ဘူး။ ရဲဘော်တွေ ထိခိုက်ရှနာမရှိရဘူး။ တတိယမှာ မှ သွားချင်တဲ့ ပန်းတိုင်အနေအထားမျိုးဆိုတာ အားလုံး သဘောတူထားကြတယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်း မဟုတ်ဘူး၊ ကျန်တဲ့ အဖွဲ့တွေအားလုံးလည်း ပြည်သူကို လုံးဝမထိခိုက်အောင် ပထမ ဦးစားပေးပဲ။ တစ်နေရာတည်းကို လာဖိရင် နောက်တစ်နေရာက မကြွရင် အဲဒီနေရာက ကြေသွား လိမ့်မယ်။ ကျွန်တော်တို့နဲ့တူတာက ညှိစရာလည်း မလိုဘူး။ သတင်းလေးသိလိုက်တာနဲ့ ကိုယ့်လာထိသလို မျိုး အကုန်လုံးကတော့ အဆင်သင့်ပဲ၊ ကူညီဖို့၊ ဖေးမဖို့ပေါ့။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေကို ချိတ်ဆက်ပေးတာ NUG ဆိုပေမယ့် တော်လှန်ချင်တဲ့ ဒီစစ်အစိုးရကို တော်လှန်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ကျွန်တော်တို့ တော်လှန်ရေးသမားအချင်းချင်း လာချိတ်မိတယ်ဆိုရင် ပိုအဓိပ္ပာယ်ရှိမယ်"
မင်းတပ် CDF က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲတိုင်းလိုလိုမှာ အောင်နိုင်ခဲ့တယ်လို့ ဆိုပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ တပ်ဖွဲ့ဝင် အယောက် ၃၀ လောက်အထိ ကျဆုံးခဲ့ရသလို လက်နက်ခဲယမ်း လိုအပ်ချက်တွေကြောင့် တခြားတပ်တွေနဲ့ မဟာမိတ်ပူးပေါင်းထားတာလို့လည်း ဆိုပါတယ်။

မြန်မာပြည်အလယ်ပိုင်းဒေသတွေက PDF တပ်ဖွဲ့ဝင်တချို့ကတော့ ပြောက်ကျားနည်းတွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီကို သတင်းပေးတွေကို တိုက်ခိုက်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် ဒီလိုတော်လှန်ရေး အဖွဲ့တွေ ဖွဲ့ထားတာမို့ ပြည်သူမထိခိုက်ရေးက အဓိကပဲလို့ ချောင်းဦး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကို အသက်နဲ့ရင်းပြီး တော်လှန်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေ အခက်အခဲ ကြုံလာရင် ဝိုင်းဝန်းကူညီရိုင်းပင်းစေချင်တယ်လို့ ချောင်းဦး PDF တပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်ဘက်ကလည်း မြို့ပေါ်မှာ လျှို့ဝှက်လှုပ်ရှားနေကြတဲ့ PDF တွေကို လက်နက်ချဖို့နဲ့ အဲဒီအဖွဲ့တွေကို ပြည်သူတွေက သတင်းပေးကြဖို့ လိုက်လံနှိုးဆော်နေသလို ကွင်းဆက်တွေကိုလည်း လိုက်လံဖမ်းဆီးနေပါတယ်။
ပြည်သူတွေ ဝိုင်းဝန်းဆန့်ကျင်ကြဖို့အတွက်ကိုလည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မေတ္တာရပ်ခံပြောဆိုခဲ့ပါတယ်။
"ဒါတွေဟာ ဆိုးရွားရုတ်မာ ကောက်ကျစ်လွန်းတဲ့ အကြမ်းဖက်မှုတွေပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာမှ ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်မျိုး ရှိမယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ဒီလို အကြမ်းဖက် အစွန်းရောက်တွေ ရှိနေပါတယ်။ ပြည်သူလူထုနဲ့ အဖျက်သမား၊ အကြမ်းဖက်သမားတွေကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်"
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးကြီး ကျော်လင်းကလည်း NUG၊ CRPH၊ PDF အဖွဲ့တွေနဲ့ ပတ်သက်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနေပြီး တရားရုံးရဲ့ဖမ်းဝရမ်းတွေကိုလည်း အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၄ နိုင်ငံကို ပေးပို့နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
PDF တပ်တွေကတော့ မဟာမိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်ဆောင်ရွက်တာမျိုးတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်လောက်ဖွဲ့စည်းထားပေမယ့် အဲဒီတပ်ဖွဲ့တွေကို စစ်ရေးအရ သြဇာလွှမ်းမိုး နိုင်မယ့် ဦးဆောင်သူ ခေါင်းဆောင်ကောင်း ပေါ်ထွက်လာမှ တော်လှန်ရေးမှာ အထောက်အကူ ဖြစ်လာနိုင်မယ် လို့ ဗမာပြည်ကွန်မြူနစ်ပါတီ တော်လှန်ရေးအဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်၊ စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
"မဟာမိတ်ဖွဲ့ရုံနဲ့တော့ စစ်ရေးအရ အောင်ပွဲဆိုတာမျိုး မသွားနိုင်ဘူး။ တစ်ခုတည်းသော စုစည်းညွတ်မှု စစ်ဦးစီးအောက်မှာ တပ်မတော်တစ်ခု ဖွဲ့စည်းနိုင်မှ တစ်နိုင်လုံး စစ်ရေးအရ အောင်ပွဲကို သွားနိုင်မှာ။ ဒီလို တကွဲတပြဲနဲ့ မဟာမိတ်သဘောမျိုး၊ ပြောက်ကျားသဘောမျိုး တိုက်နေတာ။ အင်အားကြီးတဲ့ စစ်ရေးအဖွဲ့ ဖြစ်လာဖို့ဆိုရင်တော့ ညီညွတ်တဲ့ ခေါင်းဆောင်မှုအောက်မှာ ရောက်သွားမှ အားရှိမှာပေါ့နော်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ စစ်ရေးမှာတော့ လက်တွေ့ခေါင်းဆောင်ပြီးတော့ တိုက်ခိုက်နိုင်တဲ့ ခေါင်းဆောင်မရှိရင် သြဇာဟာ သိပ်မရှိဘူးဗျ ဆိုတော့ အဲလိုလူမျိုးတစ်ယောက်ယောက်တော့ ထွက်ပေါ် လာနိုင်တာပေါ့။ အဲလိုစုစည်းညီညွတ်လာနိုင်ရင်တော့ အင်အားတစ်ရပ် ဖြစ်လာနိုင်တာပေါ့"
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဒေသခံကာကွယ်ရေးတပ်တွေကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း စစ်ကောင်စီကို စစ်ရေးအရ ပြန်တိုက်မယ့် အချိန်ကာလကို မကြာခင် ကြေညာမယ်လို့ ပြောဆိုထားပါတယ်။