ပေါင်းတည်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

2021.06.30
ပေါင်းတည်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ ပေါင်းတည်မြို့အဝင်ကို တွေ့ရစဉ်
-

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် (ခ) ဇော်လတ်ကို ဒီကနေ့ မနက်ပိုင်းမှာ အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံ တွေက RFAကို ပြောပါတယ်။

အသက် ၄၅ နှစ်အရွယ် ဦးအောင်ဇော်လတ်ဟာ ကြို့ကုန်းကျေးရွာကနေ ပေါင်းတည်မြို့ဘက်ကို ဗျူဟာလမ်း အတိုင်း ဆိုင်ကယ်စီးလာတုန်း ပေါင်းတည်မြို့နယ် အဂ္ဂရာပြည့်ရွာနားအရောက်မှာ ဦးခေါင်းကို သေနတ်နဲ့ နှစ်ချက် ပစ်သတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကြို့ကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူက အခုမှ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတော့မဟုတ်ဘူး။ အရင်ကတည်းက ခန့်ထားတာ။ ဒါပေမဲ့ အခု စစ်တပ်နဲ့ပေါင်းပြီး ရွာမှာ လက်နက်ရှာတာတွေ လူငယ်တွေကို ဖမ်းဖို့ သတင်းပေးတာတွေ လုပ်နေတာ။ သူ့အစ်ကိုကလည်း စစ်တပ်က"

အခုလို ရပ်ကျေးအုပ်ချုပ်ရေးမှူး လုပ်ကြံသတ်ဖြတ်ခံရတာဟာ ပဲခူးတိုင်း ပေါင်းတည်မြို့နယ် အတွင်းမှာ ပထမဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။

RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်တပ်က အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာရယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမှာပါဝင်အမှုထမ်းနေတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ဝန်းကျင် သတ်ဖြတ်ခံထားရပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။