ဖောင်းပြင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းသုံးတိုက်ခိုက်

RFA Burmese
2023.06.30
ဖောင်းပြင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းသုံးတိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့တွင် သွားလာနေသူများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်ထဲက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မင်းယားနဲ့ ကော်ကမ်း ရွာတွေကို စစ်ကောင်စီတပ်က ဇွန်လ ၂၈ ရက်နေ့ကနေ ဇွန်လ ၃၀ ရက် ဒီနေ့အထိ သုံးရက်ဆက်တိုက် လေကြောင်းက တိုက်ခိုက်နေလို့ အရပ်သား နှစ်ထောင်ကျော်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖောင်းပြင်မြို့ အခြေစိုက် ခလရ ၂၇၂နဲ့ ခမရ ၃၀၉ တပ်တွေက မင်းယားရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ ဟုမ္မလင်း PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်။ ဒီနေ့မနက်လည်း ၅ နာရီခွဲလောက်မှာ လေကြောင်းနဲ့ ပစ်သွားတယ်။ စကစဘက်က အင်အားလည်း တော်တော်များတယ်။ လေကြောင်းနဲ့ ပစ်တာလည်း သုံးရက်ဆက်ဖြစ်ပြီ။ မင်းယားရွာနားမှာ စဖြစ်တာ အခုက ကော်ကမ်းရွာနားမှာ ဖြစ်နေတာ”

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းကပါ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ PDF တွေ ထိခိုက်တာ မရှိပေမယ့် နေအိမ် ဆယ်လုံးလောက် လေယာဉ်ဗုံးထိမှန် ပျက်စီးတာတွေရှိတယ်လို့ သူက ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း PDF တွေဘက်က နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ပြီးခဲ့တဲ့ ဇွန်လဆန်းကလည်း ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်း မြို့နယ်ကြားက စက်တောရွာမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။