စစ်တပ်အကြီးအကဲရဲ့ပုံ Facebook မှာဖြန့်ဝေမှုနဲ့ ဦးခွန်ဂျာလီ ကို ထောင်ဒဏ် ၆ လ ချမှတ်


2016.01.22
patrickkhunjalee-620.jpg ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ အမှုရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ဦးခွန်ဂျာလီကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ဇန်နဝါရီလ ၂၂ ရက်နေ့က ထောင်ဒဏ် ၆ လ အမိန့်ချလိုက်စဉ်
Photo: Htet Akar/RFA

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ဖိနပ်နဲ့ နင်းထားတဲ့ပုံ Facebook စာမျက်နှာ မှာ ဖြန့်ဝေခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ အမှုရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ဦးခွန်ဂျာလီကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။

တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ မတရားဘူးလို့ အမိန့်ချမှတ်ခံရတဲ့ ဦးခွန်ဂျာလီ က ဒီကနေ့ လှိုင်မြို့နယ် တရားရုံးမှာ ပြောပါတယ်။

"ကျနော်အနေနဲ့ကပေါ့နော် ဒီဖေ့ဘုတ်ဆိုတဲ့ဟာ ကျနော်တို့ဆီမှာ ဥပဒေလည်းမရှိဘူး၊ ဒါပေမဲ့ မရှိပေမယ့် အခုလိုမျိုး ၆ လ ချတယ်ဆိုတာ ကျနော်အတွက်ကတော့ ဒါမတရားဘူးလို့ပဲ ကျနော်ထင်တယ်၊ နောက်တစ်ခု က ဘာကိုပြောချင်မလဲဆိုလို့ရှိရင် ကျနော်ကတော့ ပေါ့ပေါ့ပါးပါးပါ၊ ရယ်ရယ်မောမောနဲ့ ပြောမယ်ဆိုရင် တကယ်တမ်းကျလို့ရှိရင် တရားသူကြီးအတွက်လည်း အရမ်းခက်ခဲပါတယ်၊ တရားသူကြီးတွေအနေနဲ့ သက်ဆိုင်ရာတွေကလည်း အကောင်းဆုံးလုပ်ပေးတယ်၊ ဒါပေမဲ့ နည်းဥပဒေမရှိတဲ့အခါကျရင် ကျနော်တို့ ဘာမှမလုပ်တတ်ပေမယ့် အခုကျနော် ပြစ်ဒဏ်ချခံရတယ်၊ ဘာနဲ့အလားသဏ္ဍန်တူလဲဆိုလို့ရှိရင် ဗိန္နောဆရာကို ECG စက်ဖတ်ခိုင်းသလိုပဲပေါ့၊ ဘယ်ကနေ ဘာဖတ်ရမယ်မှန်းမသိဘဲနဲ့ ကျနော်တို့ ထောင်ကျ ရတယ်ဆိုတာ ဒီလိုမျိုးအခြေအနေမျိုးကို နောက်လူတွေလည်းမဖြစ်အောင်လို့ ကျနော်တကယ်ဆုတောင်း ပါတယ်၊ အားလုံးလည်း လွတ်ငြိမ်းချမ်းသာနိုင်ပါစေ"

ဦးခွန်ဂျာလီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖမ်းဆီးခံရတာဖြစ်ပြီး ၃ လ အကြာမှာ ပြစ်ဒဏ်ချမှတ် ခံရတာ ဖြစ်ပါတယ်။ သူဟာ ပန်းနာရင်ကြပ်နဲ့ သွေးတိုးရောဂါတွေရှိတာကြောင့် ကျန်းမာရေးမကောင်းဘူး လို့လည်း သိရပါတယ်။

တရားရုံးကို အမေရိကန်သံရုံး၊ ဗြိတိန်သံရုံး၊ ဥရောပသမဂ္ဂ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW နဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံနဲ့ သရော်ထားတဲ့စာသားတွေကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ မအူပင်မြို့နယ်က မချောစန္ဒီထွန်းကိုလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဆက်သွယ်ရေးပုဒ်မနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ နိုင်ငံတော် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဓာတ်ပုံတွေကိုပြုပြင်ပြီး ဖေ့ဘွတ်စ်မှာတင်ခဲ့တာကြောင့် ဖမ်းဆီးခံထားရသူ ၃ ဦး ကျန်ရှိနေပါတယ်။

မိသားစုကတော့ ဒီပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံဝင်မယ်လို့ ပြောပါတယ်။ ဦးခွန်ဂျာလီရဲ့  ဇနီးဖြစ်တဲ့ မမေစပယ်ဖြူကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။