မချောစန္ဒီထွန်း လွတ်မြောက်
2016.03.30

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ပြုပြင်ပြီး သရော်တဲ့စာသားတွေ နဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် ထောင်ဒဏ် ၆လ ချမှတ်ခံထားရတဲ့ ချစ်သမီး (ခေါ်) မချောစန္ဒီထွန်းဟာ ဒီနေ့ မအူပင်အကျဉ်းထောင်ကနေ ပြစ်ဒဏ်ကာလပြည့်မြောက်ပြီး လွတ်မြောက်လာပါတယ်။
အကျဉ်းကျစဉ်မှာ နှစ်လလောက်က ဖိနှိပ်ချုပ်ချယ်မှုတွေခံခဲ့ရတယ်လို့ မချောစန္ဒီထွန်းက ပြောပါတယ်။
"အခန်းအပြင်ဘက်ထွက်လို့ရတော့ သမီးက အပြင်ထွက်တယ်၊ အပြင်ထွက်ပြီး တခြားအကျဉ်းသူတွေနဲ့ စကားပြောတယ်၊ အဲ့ဒါသူတို့က စကားပြောတာ မကြိုက်ဘူးပေါ့၊ လူ့အချင်းချင်းစကားပြောတာ မကြိုက်ဘူး ဆိုတာက လူ့အခွင့်အရေး ချိုးဖောက်တဲ့ သဘောတွေလည်း တက်ရောက်တယ်ပေါ့၊ နောက်ညီမလှုပ်ရှားသမျှ အကုန်လိုက်ကြည့်နေတယ်၊ သူတို့တွေက သတင်းပို့တယ်၊ အဲ့လိုမျိုးတွေတော့ရှိတယ်၊ နောက်ပိုင်းမှ အဲ့တင်းကြပ် မှုတွေအကုန်လုံး ဖြေလျော့ပေးတာပေါ့၊ ဒီဟာက သူတို့ဘက်က အရေးယူသင့်တယ်ဆိုပြီး အရေးယူတာပေါ့၊ ကိုယ့်ဘက်ကအနေနဲ့ကတော့ ဒီဥစ္စာက အရောင်တူလို့ တူတယ်လို့ ပြောမိလိုက်တာ၊ အမှန်တရားကို ပြောမိ လို့ ထောင်ထဲရောက်တာ၊ စိတ်မကောင်းတော့ မဖြစ်ပါဘူး"
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရချိန်မှာ အာမခံမပေးတဲ့အပေါ် မဖြစ်သင့်ကြောင်းလည်း ပြောပါတယ်။
တပ်မတော်ဝတ်စုံ အရောင်ပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့အတွက် မချောစန္ဒီထွန်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပါတယ်။
မချောစန္ဒီထွန်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလကုန်မှာ မအူပင်မြို့နယ်တရားရုံး က ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာဖြစ်ပြီး ဒီနေ့ လွတ်မြောက်လာတာဖြစ်ပါတယ်။