မချောစန္ဒီထွန်း ကို ဆက်သွယ်ရေးပုဒ်မနဲ့ ထောင် ၆ လ ချမှတ်
2015.12.28

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို လှောင်ပြောင်တဲ့ဓါတ်ပုံကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးခံထားရတဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီး ကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လကျခံဖို့ ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
ချုပ်ရက်တွေကို ခံစားခွင့်ပေးတာကြောင့် နောက်ထပ်သုံးလလောက် မအူပင်အကျဉ်းထောင်မှာ အကျဉ်းကျခံရ မှာဖြစ်တယ်လို့ မချောစန္ဒီထွန်းရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြော ပါတယ်။
"အောက်တိုဘာလ တတိယနေ့က ဖမ်းတာဆိုတော့ ကျန်တာကတော့ ၃ လကျော်ကျော်လောက်ရှိပါတယ်၊ သူ့ကို မအူပင်ထောင်မှာပဲထားရှိမှာပါ၊ ကျနော်က အယူခံဝင်သင့် မဝင်သင့်ကို မိသားစုနဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်တယ်၊ သို့သော် ကျနော်တို့ဝင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမိန့်တေ့ာကူးထာပါတယ်"
တပ်မတော်ဝတ်စုံ အရောင်ပြောင်းလဲတာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓါတ်ပုံနဲ့ သရော်ထားတဲ့စာကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တာကြောင့် မချောစန္ဒီထွန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မချောစန္ဒီထွန်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ အသရေဖျက်မှုပုဒ်မ ၅၀၀ တို့နဲ့ တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သရော်တဲ့ ဓာတ်ပုံနဲ့ စာသားတွေ ဖေ့ဘွတ်စ်မှာ တင်တာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ အမှု ၅ဦးရှိပြီး အဲဒီထဲမှာ မချောစန္ဒီထွန်းအမှုကို ဒီနေ့ အမိန့်ချလိုက်တာဖြစ်ပါတယ်။
ရှေ့နေ ဦးရောဘတ်စန်းအောင်ကို မဇာနည်ထွန်း ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်နိုငပါတယ်။
ဒီအတွင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ဦးပက်ထရစ်ခွန်ဂျာလီရဲ့ အမှုကိုလည်း တရားစွဲဆိုသွားမှာဖြစ်ကြောင်း လှိုင်မြို့နယ်တရားရုံးက အမိန့်ချလိုက် ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို ဖိနပ်နဲ့တက်နင်းထားတဲ့ ပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေခဲ့ တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲမှာဖြစ်ပါတယ်။
ဦးပတ်ထရစ်ခွန်ဂျာလီမှာ ပန်းနာ ရင်ကြပ်နဲ့ သွေးတိုးရောဂါရှိတဲ့အတွက် ကျန်းမာရေး အာမခံပေးဖို့ လှိုင်မြို့နယ် က ဒေသန္တရ မြို့နယ်ဆရာဝန်တစ်ဦးက တရားရုံးမှာ လာရောက်လျောက်လဲချက် ပေးခဲ့တယ်လို့လည်း ရှေ့နေ က ပြောပါတယ်။ နောက်တစ်ကြိမ်ရုံးချိန်းကို လာမယ့်ဇန်နဝါရီလ ၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပြီး ကျန်းမာရေးအာမခံပေးဖို့ကိစ္စကိုပါ တစ်ပါတည်း စစ်ဆေးဆုံးဖြတ်မယ်လို့ သိရပါတယ်။