ဖေ့စ်ဘွတ်မှာဖြန့်ဝေမှုကြောင့် ဖမ်းဆီးခံထားရသူတွေကို ပထမဆုံးအကြိမ် ရုံးထုတ်


2015.10.27
chawsanditun-620.jpg NLD အဖွဲ့ဝင် မချောစန္ဒီထွန်း ကိုတွေ့ရစဉ်
ဓါတ်ပုံ - ချောစန္ဒီထွန်း (facebook)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကိုပြုပြင်ပြီး အင်တာနက် ဖေ့ဘွတ်လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့မှုကြောင့် အီလက်ထရောနစ်ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ မချောစန္ဒီထွန်းကို ဒီနေ့ မအူပင်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးရာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)၊ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ တို့နဲ့ စွဲချက်တင်လိုက်ပါတယ်။

အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ) နဲ့ စွဲဆိုထားတာက ပျက်သွားပြီး တရားလိုဖြစ်တဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ဦးကျော်ထင်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ တို့နဲ့ ပြောင်းပြီး စွဲချက်တင်ဖို့ လျှောက်ထားတာဖြစ်တယ်လို့ မချောစန္ဒီထွန်းရဲ့မိခင် ဒေါ်ဝင်းစန္ဒာကျော်က ပြော ပါတယ်။

"ရဲစခန်းက အမှုဖွင့်တုန်းက ၃၄(ဃ)နဲ့ အမှုဖွင့်တယ်၊ စွဲချက်တင်တော့ ၆၆(ဃ)နဲ့ ၅ဝဝ ရယ် ၂ မှုပေါ့နော်၊ အဲ့ဒီ ၂ မှုနဲ့ စွဲချက်တင်တာပေါ့နော်"

မချောစန္ဒီထွန်းဟာ ကာကွယ်ရေးဦးစီးချုပ်ကို ဖေ့ဘွတ်စာမျက်နှာကနေ သိက္ခာချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက် မအူပင်ရဲစခန်းကို လွဲှပြောင်းပေးလိုက်ပြီး အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)နဲ့ အမှုဖွင့်ပြီးနောက် အာမခံမပေးပဲ မအူပင်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

အလားတူပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဓါတ်ပုံကို ဖိနပ်နဲ့တက်နင်းထားတဲ့ ပုံကို အင်တာနက်ဖေ့စ်ဘွတ်မှာ မျှဝေခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ဦးပက်ထရစ်ခွန်ဂျာလီကို လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံလျှောက်ထားတာကို တရားရုံးက ပယ်ချလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။