ဦးပက်ထရစ်ခွန်ဂျာလီ လွတ်မြောက်
2016.04.01

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖိနပ်နဲ့နင်းထားတဲ့ပုံကို အင်တာနက်ဖေ့ဘွတ်မှာ ဖြန့်တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ နဲ့ ထောင်ဒဏ် ၆ လ ကျခံရတဲ့ ဦးပက်ထရစ်ခွန်ဂျာလီဟာ ဒီနေ့မှာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။
လွတ်ရက်စေ့လို့ ပြန်လွတ်လာတာဖြစ်ပြီး အကျဉ်းကျနေတဲ့ ကာလတစ်လျှောက်လုံး ကျန်းမာရေး မကောင်းတဲ့ အတွက် အင်းစိန်ထောင်ရဲ့ဆေးရုံမှာ နေခဲ့ရတယ်လို့ ဦးပက်ထရစ်ခွန်ဂျာလီက ပြောပါတယ်။
"ကျနော်က အစောပိုင်းမှာ ပုံစံခန်းဆိုတဲ့အခန်းမှာ တစ်ပတ်လောက်နေခဲ့ရပါတယ်၊ ပြီးတော့ ကျန်းမာရေး အခြေအနေ အရမ်းဆိုးဝါးလာတဲ့အခါ ဆေးရုံထောင်မှာ တောက်လျှောက်နေလာရတာ အခုထွက်တဲ့အချိန်ထိပဲ ခင်ဗျ၊ အိုင်တီနဲ့ပတ်သက်ပြီး ဥပဒေရှိသင့်တယ်၊ နည်းဥပဒေမရှိသေးခင်မှာ လူတွေကို ဖမ်းဆီးထောင်ကျတယ် ဆိုတဲ့ဥစ္စာမျိုးကတော့ သိပ်စောလွန်းပြီးတော့မှ တိုင်းသူပြည်သားအားလုံးအတွက် တော်တော်ဒုက္ခရောက်စေ တယ်လို့ ကျနော်ယုံကြည်ပါတယ်"
ဖေ့ဘွတ်စ်မှာ ဓာတ်ပုံဖြန့်တယ်ဆိုပြီး တရားစွဲခံရပေမယ့် အမှုစစ်ဆေးတဲ့ တရားရေးဝန်ထမ်းတွေဟာ ဖေ့ဘွတ် လုပ်ဆောင်ချက်တွေ၊ အိုင်တီနည်းပညာတွေကို နားမလည်ဘဲ စီရင်ချက်ချခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ပုံကို ခြေထောက်နဲ့နင်းထားတဲ့ပုံကို ဖြန့်ဝေခဲ့တယ်ဆိုပြီး ဦးပက်ထရစ်ခွန်ဂျာလီ ကို လိုှုင်မြို့နယ်ရဲစခန်းက ၂ဝ၁၅ ခုနှစ် အောက်တိုဘာလမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှာ အမိန့်ချခဲ့ပါတယ်။
အလားတူအမှုနဲ့ အရေးယူခံခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်က မချောစန္ဒီထွန်းလည်း မတ် ၃ဝ ရက်နေ့က မအူပင်အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်မြောက်ခဲ့ပါတယ်