ပုသိမ်မှာ နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက ပစ်မှတ်ထားရှာဖွေစစ်ဆေးနေ

2022.09.22
ပုသိမ်မှာ နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက ပစ်မှတ်ထားရှာဖွေစစ်ဆေးနေ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေအနီး စစ်ဆေးရေးဂိတ်တစ်ခုကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Photo: Myanmar Digital Newspaper

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်း အခု စက်တင်ဘာလ အစောပိုင်းကစပြီး နိုင်ငံရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက အဓိကပစ်မှတ်ထား ရှာဖွေစစ်ဆေးတာလုပ်နေသလို ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဧည့်စာရင်းစစ်ဆေးတာနဲ့ ကင်းလှည့်တာတွေ ခပ်စိပ်စိပ် လုပ်လာတယ်လို့ ပုသိမ်မြို့ဒေသခံတွေက RFA ကို ဒီကနေ့ စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်စပ်နေ သူတွေနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (က) အများပြည်သူအကျိုးကို ပျက်စီးစေမှုနဲ့ ဝရမ်းထုတ်ခံထားရသူတွေကို အဓိကထား စစ်ဆေးနေတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ပုသိမ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

"ဧည့်စာရင်းကို စစ်တာရှိသလို လမ်းဂိတ်တွေမှာလည်း ကားနဲ့ ဆိုင်ကယ်တွေကို တော်တော်စစ်တယ်၊ မှတ်ပုံတင်ပြရတယ်။ သူတို့စာရင်းထဲ ပါ မပါကြည့်တယ်။ ဖုန်းတော့ တစ်ခါတလေမှ စစ်တယ်"

ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ဟိုတယ်၊ တည်းခိုခန်းတွေမှာ နိုင်ငံရေးလှုပ်ရှားသူတွေ လာရောက်တည်းခိုရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတင်းပေး အကြောင်းကြားဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါပေမဲ့ ကမ်းခြေတွေမှာ တည်းခိုသူတွေအနေနဲ့ မှတ်ပုံတင် မရှိမဖြစ်လိုအပ်ပြီး ရန်ကုန် - ချောင်းသာ တစ်လျှောက် စစ်ဆေးရေးတွေ တင်းကျပ်ထားတယ်လို့ ချောင်းသာကမ်းခြေမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီလထဲမှာ ပိုပြီးတင်းတင်းကျပ်ကျပ်လုပ်လာတယ်။ ဒီကိုလာရင်တော့ နိုင်ငံရေးနဲ့ ပတ်သက်တာ ဘာမှလုပ် မထားတဲ့သူဆိုရင် အဆင်ပြေပါတယ်။ နိုင်ငံရေးလုပ်တာတွေ၊ မလွတ်ကင်းတာတွေဆိုရင်တော့ အဖမ်းခံရနိုင်တယ်”

ပုသိမ်မြို့ပေါ်မှာလည်း အခုလအစောပိုင်းက စပြီး လုံခြုံရေးတင်းကျပ်တာတွေ၊ ရပ်ကွက် တွေထဲ ဧည့်စာရင်း စစ်ဆေးတာနဲ့ ညစဉ် ကင်းလှည့်တာတွေ များလာတယ်လို့ ပုသိမ်မြို့ခံ တွေက ပြောပါတယ်။

ပုသိမ်မြို့နယ်အတွင်း မှာ စစ်ကောင်စီတပ်ဖွဲ့တွေက နိုင်ငံရေးလှုပ်ရှားသူတွေကို မဖမ်းဆီး နိုင်တာကြောင့် သူတို့ရဲ့ ဇနီးနဲ့ ဆွေမျိုးတော်စပ်သူ ငါးဦးထက်မနည်း ဖမ်းဆီးခံထားရတယ် လို့ ပုသိမ်ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။