အယ်လ်နီညိုဆိုင်ရာ အရေးကြီးအဆို လွှတ်တော် ဆွေးနွေးအတည်ပြု


2016.02.24
uhlasaw-620.JPG ပြည်သူ့လွှတ်တော်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော အယ်လ်နီညိုအရေး ထောက်ခံဆွေးနွေးစဉ်
Photo: RFA

အယ်လ်နီညို ရာသီဥတုဟာ အမျိုးသားရေး စိန်ခေါ်မှုဖြစ်ပြီး လက်ရှိအစိုးရတင်မဟုတ်ဘဲ လာမယ့်အစိုးရသစ်အနေနဲ့ ဆက်လက်တာဝန်ယူဆောင်ရွက်ဖို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ အယ်လ်နီညိုနောက် ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် ၈ဦးက ဒီကနေ့ ဆက်လက်ဆွေးနွေးရာမှာ ဦးဦးလှစောက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

"အယ်လ်နီညို ပြဿနာဟာ တိုင်းပြည်နဲ့ ပြည်သူတစ်ရပ်လုံးအတွက် အင်မတန်ကြီးမားတဲ့ အမျိုးသားရေး စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်၊ ဒေါက်တာမောင်သင်း က အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ တာဝန်အရှိဆုံး ပြည်ထောင်စု အစိုးရကို တိုက်တွန်းပါတယ်၊  ပြည်ထောင်စုအစိုးရ ဆိုတဲ့နေရာမှာ ကျနော့်အနေနဲ့ အချိန်တိုတိုလေးအတွင်းမှာ သက်တမ်းကုန်ဆုံးတော့မယ့် ပြည်ထောင်စုအစိုးရအပြင် မကြာခင်အခြေအနေမှာ အာဏာလွှဲပြောင်းယူတော့ မယ့် ဒီမိုကရေစီပြည်ထောင်စု အစိုးရသစ်အနေနဲ့လည်း ဒီအမျိုးသားရေးတာဝန်ကြီးကို ရဲရဲရင့်ရင့်ပြတ်ပြတ်သား သား ဦးဆောင်ဖို့ ကျနော်ထပ်လောင်းဖြည့်စွက်ပါတယ်"

အဲဒီအရေးကြီးအဆိုကို မနေ့က ကိုယ်စားလှယ် ၁၄ဦးနဲ့ ဒီနေ့ ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၂ဦးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ပါဝင်ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အယ်လ်နီညိုကြောင့် ရေရှားပါးမှု၊ စားနပ်ရိက္ခာပြတ်လပ်မှု၊ လျှပ်စစ်မီးလျော့နည်းရရှိမှု၊ အပူချိန်မြင့်မားမှု စတဲ့ နောက်ဆက်တွဲဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အဆိုနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ကလည်း ဌာနဆိုင်ရာအသီးသီးက ပြင်ဆင်ဆောင်ရွက်နေတာတွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

အဲဒီအဆိုကို ထောက်ခံမဲ ၄၀၀၊ ကန့်ကွက်မဲ ၁မဲ သာရှိတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပူးပေါင်းပါဝင်ကြဖို့ အစိုးရထံ တိုက်တွန်းသွားမှာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။