အယ်လ်နီညို ရာသီဥတုကြောင့် ရေရှားပါးနိုင်
2016.03.20

အခုနှစ်ဟာ အယ်လ်နီညိုရာသီဥကြောင့် အလွန်ပူပြင်းပြီး ရေရှားပါးမှုပြဿနာ ကြုံတွေ့ရနိုင်တာကြောင့် လာမယ့် သြင်္ကန်ကာလမှာ ရေဖြုန်းတီးတာတွေ မလုပ်ကြဖို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
ဒီကနေ့ တော်ဝင်နှင်းဆီခန်းမမှာ အယ်လ်နီညိုနဲ့ မြန်မာသြင်္ကန် ခေါင်းစဉ် ဟောပြောပွဲမှာ ဦးထွန်းလွင်က အခုလို တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။
"အယ်လ်နီညိုရာသီဥတုကလည်းဖြစ်၊ ရေကလည်းရှားပါးမှုဖြစ်နေတာအခုမှမဟုတ်၊ အဲ့တော့ ကျနော်တို့ သြင်္ကန်ကာလမှာ ရေကိုအသုံးနဲ့ အဖြုန်းနဲ့ ကွဲဖို့လိုတယ်လို့ အခြေခံအားဖြင့်တော့ ကျနော်ပြောရဲပါတယ်၊ အဖြုန်းကိုတော့ တတ်နိုင်သမျှ ကျနော်တို့ ဟန့်တားသင့်ပါတယ်၊ အကုန်လုံးအသုံးတွေကို သေချာစိစစ်ပြီးတော့လုပ်သင့်တယ်"
အယ်လ်နီညိုရာသီဥတုဟာ မေလကုန်အထိ ဆက်လက်ရှိနေဦးမှာဖြစ်တဲ့အတွက် မိုးတွင်းကာလ နောက်ကျနိုင်လိမ့်မယ်လို့ ခန့်မှန်းဟောပြောခဲ့ပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၁၇ ခုနှစ်မှာ အအေးလွန်ကဲတဲ့ လာနီညာရာသီဥတု ဖြစ်ပေါ် လာနိုင်ကြောင်းကိုလည်း ခန့်မှန်းပြောပါတယ်။
ဒီနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ဖွဲ့စည်းထားတဲ့ သဘာပတ်ဝန်းကျင် ထိမ်းသိမ်းရေး ကော်မတီက ကျင်းပတာဖြစ်ပါတယ်။
ဒီနေ့ ဟောပြောပွဲကို နိုင်ငံရေးပါတီ၊ သဘာဝပတ်ဝန်းကျင်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပညာရှင်တွေလည်း တက်ရောက်ခဲ့ ကြပါတယ်။