ရေဘေးအန္တရာယ်ထပ်မံကြုံတွေ့နိုင်ကြောင်း စစ်ကောင်စီ သတိပေး

RFA Burmese
2024.09.30
ရေဘေးအန္တရာယ်ထပ်မံကြုံတွေ့နိုင်ကြောင်း စစ်ကောင်စီ သတိပေး နေပြည်တော်မှ ရေဘေးသင့်ပြည်သူများအား မီးသတ်အဖွဲ့ဝင်များက ကယ်ဆယ်ခေါ်ဆောင်လာသည့်‌မြင်ကွင်းအား ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: Myanmar Fire Services Department

လာမယ့် အောက်တိုဘာ ၅ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့ ရေဘေးအန္တရာယ်ကြုံတွေ့နိုင်ကြောင်း စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီဌာနက စက်တင်ဘာ ၃၀ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ်ကနေ အောက်တိုဘာ ၅ ရက်နေ့အတွင်း နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းအားလုံးနီးပါးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာ၊ နေရာကွက်ပြီး မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဒါကြောင့် ကုန်းမြင့်မှာနေထိုင်သူတွေအနေနဲ့ မြေပြိုတဲ့အန္တရာယ်နဲ့ မြစ်၊ ချောင်းတွေအနီး နေထိုင်သူတွေအနေနဲ့ ရေဘေးအန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားဖို့ စစ်ကောင်စီက သတိပေးထားပါတယ်။

စက်တင်ဘာလအတွင်း ဝင်ရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရချိန်မှာ ရေဘေးအန္တရာယ် ထပ်မံကြုံတွေ့နိုင်ကြောင်း သတိပေးချက် ထွက်လာတာပါ။

ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေမှာ သေဆုံးသူ ၄၃၃ ဦး အထိရှိလာပြီး ပျောက်ဆုံးနေသူ ၇၉ ဦးရှိကြောင်း စက်တင်ဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း တစ်သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး အကူအညီတွေ အချိန်မီမရရင် ပြန်လည်ထူထောင်ရေး နှေးကွေးနိုင်တဲ့အပြင် ရေရှည်အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။