ရေဘေးကူညီသူတွေရဲ့ KBZ Pay အကောင့်တွေ အပိတ်ခံနေရ

RFA Burmese
2024.09.17
ရေဘေးကူညီသူတွေရဲ့ KBZ Pay အကောင့်တွေ အပိတ်ခံနေရ KBZ Pay အကောင့် အသုံးပြုနေသည်ကို တွေ့ရစဉ်။
Photo: RFA

မိုဘိုင်းငွေပေးချေရေးစနစ်ဖြစ်တဲ့ KBZ Pay အကောင့်အသုံးပြုပြီး ရေဘေးအတွက် အလှူငွေ လွှဲပြောင်းပေးချေသူတွေ အကောင့်အပိတ်ခံရတဲ့အတွက် အလှူငွေတွေ သွင်းမရ၊ ထုတ်မရ ဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက RFA ကို စက်တင်ဘာလ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်။

KBZ Pay ကတစ်ဆင့် ငွေလွှဲပြောင်းတဲ့အခါ မှတ်ချက်နေရာမှာ ရေဘေးကူညီရေးအတွက်လို့ ရေးသားပေးပို့ လွှဲပြောင်းပေမဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အကောင့်ကို ယာယီပိတ်ထားကြောင်း အကြောင်းပြန်စာတွေ လက်ခံရရှိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကောင့်ပိတ်ခံထားရသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မက ရေဘေးမှာ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့လုပ်နေတာပါ၊ အဲဒီမှာ ရေဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်မသွားနိုင်ကြလို့ ကျွန်မကိုယုံကြည်တဲ့သူတွေကတစ်ဆင့် ကူညီပေးဖို့ဆိုပြီး လှမ်းငွေလွဲကြတာ၊ မှတ်ချက်ပေးရမယ် note နေရာမှာလည်း ရေဘေးအတွက်လို့ပဲ ရေးပြီးပို့ကြတာပါ။ အဲဒါကို ကျွန်မအကောင့် မနေ့က ပိတ်ခံလိုက်ရတယ်။ အကောင့်ထဲမှာ သိန်းခုနစ်ဆယ်ကျော်လောက်ရှိတယ်။ ဆက်ပြီး လက်ခံလို့လည်း မရတော့သလို၊ ကျွန်မအကောင့်ကနေ တခြားအကောင့်ကိုလည်း ပြန်လွှဲပေးလို့မရတော့ဘူး”

ဒါကြောင့် ရေဘေးသင့်လို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုကူညီဖို့အတွက် ငွေလွှဲမဲ့အလှူရှင်တွေကို မလွှဲကြဖို့ သူမရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ ရေးသားအသိပေးထားရတယ်လို့ သူက ပြောပါတယ်။

RFA က ဆက်သွယ်မေးမြန်းမှုတွေအရ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ရေဘေးအတွက် အလှူငွေထည့်ဝင်သူတွေ စုစုပေါင်း ငါးဦးထက်မနည်း အကောင့်ပိတ်ခံထားရတာကို တွေ့ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ငွေကြေးအကောင့်တွေ ဘယ်လောက်များများ အပိတ်ခံရတယ်ဆိုတာတော့ မသိရသေးပါဘူး။

KBZ Pay အကောင့်တွေ အပိတ်ခံရတယ်လို့ ပြောဆိုချက်နဲ့ပတ်သက်လို့ အသေးစိတ်နိုင်ဖို့အတွက် KBZ Call centre ကို RFA ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့အနေနဲ့ ဖြေဆိုပိုင်ခွင့်မရှိကြောင်း ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီနောက် စစ်ကောင်စီကို ဆန်ကျင့်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေထံ ငွေကြေးမစီးဆင်းနိုင်ဖို့ စစ်ကောင်စီက ပြည်တွင်းက ငွေပေးချေမှုစနစ်တွေကို တင်းကျပ်တာနဲ့ စောင့်ကြည့်မှုတွေ လုပ်ခဲ့တာပါ။

အရင်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်သူတွေနဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်တွင်းဘဏ်အကောင့်တွေနဲ့ အွန်လိုင်းငွေပေးချေရေးအကောင့်တွေကို စစ်ကောင်စီက ပိတ်သိမ်းအရေးယူ တာတွေ ရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ ငွေကြေးစီးဆင်းမှု ပိတ်ပင်တာတွေကို ကျော်လွှားဖို့အတွက် Spring Development Bank (SDB) နွေဦးဘဏ်ကို တည်ထောင်ခဲ့ပြီး ငွေကြေးလည်ပတ်စီးဆင်းဖို့ ကြိုးပမ်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။