အယ်လ်နီညိုကြောင့် အပူလွန် ကဲနိုင်
2016.02.21

အခုနှစ် အယ်လ်နီညို ရာသီဥတုဟာ နှစ်ပေါင်းတစ်ရာအတွင်း ပိုမိုအားကောင်း မှာဖြစ်တာမို့ လာမယ့် နွေရာသီမှာ အပူချိန်တွေ စံချိန်တင် မြင့်မားနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
မန္တလေးမြို့ သကျသီဟဘုရားဝင်းမှာ မနေ့ညပိုင်းက ပြုလုပ်တဲ့ ရာသီဥတုနိုင်ငံရေး ဟောပြောပွဲမှာ မိုးလေဝသ ပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။
"အခုပူတော့မယ်လို့ ကျနော်ပြောပါပြီ၊ မကြာခင် ဒါပေမဲ့ မန္တလေးက ၄ဝ တော့မရောက်သေးပါဘူး၊ ကျနော်ထင်တယ် ၃၈ လောက်ပဲရှိမယ်၊ အစဉ်အလာ အရလည်း မြန်မာနိုင်ငံမှာ အပူချိန်အရင်ဆုံးတက်တာက အောက်မြန်မာပြည်က စတက်တာ၊ အဲဒီတော့ အပူကိုတော့ ဂရုစိုက်ပါ"
ဒီနှစ်အယ်နီညိုရာသီဥတုဟာ လာမယ့် ဇွန်လကုန်အထိဖြစ်ပြီး ကွက်ကြားအနေနဲ့ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပေါ်နေမှာဖြစ်တယ် လို့ ပြောပါတယ်။
မြန်မာနိုင်ငံကို အယ်လ်နီညို ရာသီဥတုကျရောက်တာဟာ ၇ နှစ်မှာ တစ်ကြိမ်နှုန်း ကျရောက်လေ့ရှိတယ်လို့ ပြောပါတယ်။
အယ်လ်နီညိုရာသီဥတု ကျရောက်ချိန်တွေမှာ မိုးခေါင်တာတွေ၊ အပူချိန်ပြင်းထန် တာတွေဖြစ်ပွားတာအပြင် အယ်လ်နီညိုရာသီဥတုကာလတွေမှာ ထူးဆန်းရောဂါ တွေဖြစ်တဲ့ H1N1 လို Zika Virus လို ကူးစက်ရောဂါတွေ ဖြစ်ပွားတတ်တယ်လို့လည်း ပြောပါတယ်။