အယ်လ်နီညိုကြောင့် ရွာပေါင်း ၁၇၀၀ ကျော် ရေရှားပါးမှုကြုံရနိုင်


2016.02.24
water-scarcity-620.jpg ခန်းစပြုနေတဲ့ ရေအိုင်တစ်ခုကို တွေ့ရစဉ်
Photo: Nay Thwae/RFA

အယ်လ်နီညိုရာသီဥတု ကျရောက်မှုကြောင့် ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရှမ်း စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့ က ကျေးရွာတွေမှာ ရေပြတ်လပ်မှုတွေ အများဆုံးကြုံတွေ့နိုင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ  ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ရွာပေါင်း ၄၀၀ ကျော်၊ ပဲခူးတိုင်းက ရွာပေါင်း ၂၀၀ကျော် နဲ့ ရှမ်းပြည်နယ်က ရွာပေါင်း ၂၀၀ နီးပါးဟာ ရေရှားပါးမှုဒဏ် ပိုခံရနိုင်တဲ့ကျေးရွာတွေဖြစ်တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က ပြောပါတယ်။

"ဒီနှစ်ရေပြတ်နိုင်တဲ့ အလားအလာရှိတဲ့စာရင်းကို ကျနော်တို့ပြုစုတယ်၊ မြို့နယ်အလိုက် ရရှိတဲ့အချက်အလက်တွေ ကို ကျနော်တို့ ခရိုင်၊ တိုင်း တွေအဆင့်ဆင့်စုပြီးတော့ ရုံးချုပ်မှာစုလိုက်တဲ့အခါမှာ ကိန်းဂဏန်းများနေတာ ဧရာဝတီမှာဖြစ်နေတယ်၊ ဧရာဝတီက ၄၄၆ ရွာမှာ ရေခမ်းနေတယ်ဆိုပြီးပြထားတယ်၊ ပဲခူးတိုင်းမှာဆိုရင် ၂၂၅ ရွာ၊ ရှမ်းပြည်နယ်က ၁၉၅ ရွာမှာ ရေခမ်းနိုင်တယ် မြို့နယ် ၁ဝ ခုမှာလေ၊ မကွေးတိုင်းတို့ မန္တလေးတိုင်းတို့မှာ လည်း ရေရှားတယ်၊ မန္တလေးတိုင်းမှာဆိုရင် ၁၅ဝ မြို့နယ်ပေါင်း ၂ဝ လောက်ရှိတယ်၊ ဒါပေမဲ့ မြို့နယ်လို့ပြောတဲ့ အခါမှာ တစ်မြို့နယ်လုံမဟုတ်ဘူးလေ၊ တချို့မြို့နယ်က တစ်ရွာ နှစ်ရွာပဲရှိတာကိုး၊ တချို့က ခုနှစ်ရွာ ရှစ်ရွာပဲ ရှိတာကိုး၊ အဲ့လိုညီတော့မညီဘူး၊ စုစုပေါင်း ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ သုံးလအတွင်း ၁၇၆၁ ရွာလောက်က ရေပြတ် သွားနိုင်တဲ့ အနေအထားရှိတယ်"

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ရှမ်းပြည်နယ်ဘက်က ကျေးရွာတွေကို လတ်တလော ရေရရှိဖို့လုပ်ဆောင်ပေးနေပြီး လာမယ့် မတ်လအတွင်းမှာ ကျေးရွာပေါင်း ၉၀၀ ကျော် ရေရှားသွားနိုင် တယ်လို့ သိရပါတယ်။

ဒီနှစ်မှာ အယ်လ်နီညိုရာသီဥတုကြောင့် အရင်နှစ်တွေထက်စောပြီး ရေရှားပါးလာတဲ့အတွက် ကျွဲ၊ နွား တိရိစ္ဆာန်တွေ အတွက်လည်း ရေခက်ခဲနိုင်ကြောင်း ဦးလှခိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးမှာ မြို့နယ် ၅၉ မြို့နယ်က ကျေးရွာပေါင်း ၄၆၄ ရွာ ရေပြတ်လပ်ခဲ့ပြီး ဒီနှစ်မှာတော့ အရင်နှစ်ထက် အချိန်စောပြီး ရေပြတ်လပ်မှုတွေရှိလာသလို ရေရှားပါးမှုဒဏ်ခံရမယ့် ရွာလည်းပိုများလာတယ်လို့ သိရပါတယ်။

ညွှန်ကြားရေးမှူး ဦးလှခိုင်ကို RFA သတင်းထောက် မသီရိမင်းဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။