ရခိုင်မြောက်ပိုင်း မြို့နယ်အချို့မှာ သောက်သုံးရေ အခက်အခဲ ကြုံနေရ
2024.05.02

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေက ကျေးရွာအချို့မှာ သောက်သုံးရေ အခက်အခဲနဲ့ ကြုံနေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ နွေရာသီဆိုရင် အပူချိန်မြင့်မားတဲ့ ဒေသတစ်ခုဖြစ်ပြီး အခုလို အပူချိန်အမြင့်ဆုံးအချိန်မှာ သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့လည်း ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့မှာဆိုရင် ရေကန်တွေမှာ ရေခန်းခြောက်လာတာကြောင့် မိသားစုတစ်စုကို တစ်နေ့ ရေနှစ်လုံးလောက်ပဲ ပေးနိုင်တော့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က အမည်မဖော်လိုတဲ့ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
“ရွာတွေမှာရှိတဲ့ ရေကန်တွေက သူတို့ ရွာသားတွေအတွက်ပဲ ဖူလုံတာလေ။ အခုက စစ်ဘေးဒုက္ခသည်တွေလည်း များလာတော့ ကန်ရေတွေ အမြန်ခန်းခြောက်ကုန်တာပေါ့။ အခုဆိုရင် မိသားစုတစ်စုကို ရေနှစ်လုံးပဲ ပေးနိုင်တော့တဲ့ ရွာတွေရှိတယ်။ တချို့ရွာတွေဆို ရေမရှိလို့ တခြားရွာတွေ၊ အဝေးကြီးကနေသွားပြီး ရေသွားတင်ရတာရှိတယ်။ ဒီလောက် ရာသီဥတုပူနေတဲ့အချိန် ရေလုံလုံလောက်လောက်မရှိတော့ အတော်ခက်ခဲတာပေါ့”
အခုလိုအချိန်ဆိုရင် နှစ်စဉ်ရေရှားပါးပြီး ဒီနှစ်မှာတော့ စစ်ဘေးဒုက္ခသည်တွေ ပိုများလာတာကြောင့် ပိုပြီးအခက်အခဲဖြစ်သွားတယ်လို့လည်း ဆိုပါတယ်။
အလားတူပဲ ကျောက်တော်မြို့နယ်က ကျေးရွာတချို့မှာလည်း စစ်ရှောင်တွေများလာတာကြောင့် သောက်သုံးရေအခက်အခဲနဲ့ ကြုံနေကြရတယ်လို့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
ဒေသခံတွေကတော့ ဗုံးကြဲခံရမှာကို စိုးရိမ်တာကြောင့် သူတို့ရဲ့ကျေးရွာအမည်တွေ မဖော်ပြဖို့ ပြောဆိုကြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ရခိုင်စစ်ဘေးဒုက္ခသည်တွေမှာ အထောက်အပံ့တွေ လျော့နည်းလာပြီး သောက်သုံးရေကလည်း ရှားပါးလာတာကြောင့် စိုးရိမ်စရာဖြစ်လာတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။