ဖယ်ခုံက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေပြတ်လပ်နေ
2024.03.29

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဒုက္ခသည်သုံးသောင်းခန့်ခိုလှုံနေရတဲ့ ကျေးရွာတွေမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက မတ်လ ၂၉ ရက် ဒီနေ့မှာ ပြောပါတယ်။
လအိ၊ ဟန်ဘူး၊ ဟာဟန့်၊ ဆိုင်ခွန်၊ တီးတီ၊ သလဘလို့၊ ဘီကင်း၊ လွယ်ယင်းနဲ့ ဖာလိုင် အစရှိတဲ့ ကျေးရွာပေါင်း ၂၀ ခန့်မှာ သောက်သုံးရေ ပြတ်လပ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အနောက်ကယန်းဒေသလို့ ပြောရမှာပေါ့ အဲဒီတစ်ကြောမှာ ရွာ ၂၀ ကျော်လောက် သောက်သုံးပြတ်လပ်နေတယ်။ စစ်ရှောင်တွေလည်း များတယ်။ တိုက်ပွဲဖြစ်တော့ ဖယ်ခုံနဲ့ မိုးဗြဲက မြို့ပေါ်လူထုကပါ ရွာတွေဘက်ကို သွားရှောင်နေရတော့ သောက်သုံးရေက မလောက်တော့တာ”
လက်ရှိမှာ ဘီကင်းရွာမှာရှိတဲ့ မိုးရေသိုလှောင်ကန်က ရေကို အနီးတစ်၀ိုက်ရွာတွေ အချိုးကျမျှဝေသုံးစွဲနေရပြီး အဲဒီကန်ကလည်း မကြာခင် ရေခန်းခြောက်တော့မယ်လို့ သူကဆိုပါတယ်။
စေတနာရှင်တချို့က ရေသယ်ကားနဲ့ အနည်းငယ်ရေဖြန့်ဝေပေးတာတွေရှိပေမယ့် လုံလောက်မှုတော့ မရှိဘူးလို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိကတော့ သောက်ရေနဲ့ ချက်ပြုတ်မယ့်ရေကို ချွေပြီးသုံးနေရတာပေါ့။ ရေချိုးဖို့တော့ မပြောနဲ့ တစ်ပတ်မှာ တစ်ခါတောင်မချိုးနိုင်ဘူး”
အဲဒီဒေသဟာ တောင်ပေါ်ဒေသဖြစ်လို့ အရင်ကတည်းက သောက်သုံးရေရှားပါးပါတယ်။ လက်ရှိမှာ လာရောက်ခိုလှုံကြတဲ့ စစ်ဘေးဒုက္ခသည်တွေ များလာတာကြောင့် သောက်သုံးရေး ပြတ်လပ်မှုတွေကို ကြုံတွေ့ရတာလို့ ဆိုပါတယ်။
မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေမှာ တိုက်ပွဲတွေဖြစ်ပွားတာအပြင် မြို့ပေါ်က ရပ်ရွာတွေထဲမှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၈ သန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာပြည်သူ ၁၈ သန်းကျော်ဟာလည်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေလိုနေပြီး လူသုံးဦးအနက် တစ်ဦးဟာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးဖို့ ဖိအားပေးခံနေရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောထားပါတယ်။