အယ်လ်နီညို ကြိုတင်ကာကွယ်ရေး လွှတ်တော်မှာ အဆိုတင် ၊ ရေရှားနေရာ NLD စာရင်းကောက်
2016.02.22

မြန်မာနိုင်ငံမှာ လာမယ့်နွေရာသီအတွင်း အယ်လ်နီညို ရာသီဥတုကျရောက်ချိန်မှာ အစိုးရဌာဆိုင်ရာအဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပြီး ဆက်လက်ဆွေးနွေးကြဖို့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက အယ်လ်နီညိုအကျိုးသက်ရောက် မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတု အခြေအနေတွေမှာ အစိုးရဌာန အသီးသီးက ပူးပေါင်းဆောင်ရွက် ဖို့အတွက် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
"အယ်လ်နီညို ရာသီဥတုပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာမယ့် သစ်တောနဲ့ လူနေအိမ်ခြေ မီးလောင်မှုအန္တရာယ်၊ လွန်ကဲတဲ့ အပူဒဏ်အန္တရာယ်၊ ရေများခန်းခြောက်ပြီး သောက်သုံးရေရှားပါးမှုအန္တရာယ်၊ ယခုနှစ်အတွင်း မိုးခေါင်ခြင်းနဲ့ ရေကြီးခြင်းတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်လာနိုင်မှုနဲ့ စိုက်ပျိုးရေးအခက်ကြုံမှု၊ ကျန်းမာရေးပြဿနာများ စသဖြင့် သဘာဝအန္တရာယ်များကို ကျနော်တို့ပြည်သူများ ကြုံတွေ့လာနိုင်ပါသည်၊ သို့ပါ၍ ၂ဝ၁၆ ခုနှစ်တွင် မြန် မာနိုင်ငံတဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူလူထုကြုံတွေ့ခံစားရမည့် ရေရှား ပါးမှု၊ အပူချိန်ပြင်းထန်မှု၊ သောက်သုံးရေရှားပါးမှု၊ ကျန်းမာရေးပြဿနာများ၊ စားနပ်ရိက္ခာပြဿနာများနှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းအပ်ပါသည်"
အဲ့ဒီအဆိုကို ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း ကထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ အများစုက ထောက်ခံတဲ့အတွက် မနက်ဖြန် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
မဲခွဲဆုံးဖြတ်ရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၂၈ ဦး တက်ရောက်ရာမှာ ထောက်ခံမဲ ၃၈၇ ၊ ကန့်ကွက်မဲ ၉ နဲ့ ကြားနေ ၁၈ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။ အဆိုတင်သွင်းသူနဲ့ ထောက်ခံသူ လွှတ်တော်ကိုယ်စား လှယ် ၂ ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုကလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ရေရှားပါးတဲ့နေရာတွေကို စာရင်းကောက်ယူပြီး အကူအညီတွေ ပေးနိုင်အောင် ပြင်ဆင်ထားဖို့ ပါတီရုံးခွဲအသီးသီးကို ညွှန်ကြား ထားပါတယ်။
ရေရှားပါးတဲ့နေရာတွေကို သောက်သုံးရေလှူဒါန်းနိုင်ဖို့နဲ့ ရေတွင်းရေကန်တွေ တူးဖော်ပေးနိုင်ဖို့အတွက် အလှူ ရှင်တွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
"ဗဟိုက အမိန့်ထုတ်ထားတာပါ၊ ဒီမှာရေရှားပါးမှုပြဿနာ ကြုံနိုင်တယ်၊ ဒါစာရင်းကောက်ပြီးတော့ ကြိုတင်ပြင် ဆင်ပြီးတော့ ကူညီပေးနိုင်အောင် ပြင်ဆင်ထားပါလို့ ဗဟိုကညွှန်ကြားထားပါတယ်၊ ကျနော်တို့ မြို့နယ်တွေရဲ့ အလှူရှင်တွေကနေပြီး ရေရှားပါးတဲ့နေရာတွေကို သွားလှူဒါန်းနိုင်ဖို့ပေါ့၊ ရေရှည်အနေနဲ့ ရေကန်တွေပြန်ပြီးတော့ တူးဖော်ဖို့တို့ နောက်ဖြစ်နိုင်တဲ့နေရာတွေမှာ အဝီစိတွင်းတွေတူးဖို့ အလှူရှင်တွေ၊ NGO တွေနဲ့ တွဲပြီး ကျနော်တို့ အဲ့ဒီဟာတွေကို ကြိုးစားပါ့မယ်"
လတ်တလော စာရင်းကောက်ယူမှုတွေအရ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ရေပြတ်လပ် မှုတွေ ဖြစ်ပေါ်နေပြီး ပင်လယ်နဲ့နီးတဲ့ကျေးရွာတွေမှာ ရေချိုရှားပါးနေတယ်လို့ သိရပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလည်း ရေအခက်အခဲကြုံတွေ့နေရတဲ့ ကျေးရွာတွေကို စာရင်းပြုစုနေပြီး မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်က ကျွေးထူးကန်၊ အုတ်ဖို၊ ပိတောက်ငုတ်၊ တက်ဝန်းစတဲ့ ကျေးရွာတွေကို မနေ့က ရေသွားရောက်လူှဒါန်းခဲ့ပါတယ်။
အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်လွန်ကဲလွန်းလာမှာ ဖြစ်သလို ရေရှားပါးတာ၊ ရေကြီးတာ စတဲ့ နောက်ဆက် တွဲ ရာသီဥတုဆိုးဝါးမှုဒဏ်ကို မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။ လက်ရှိ ဆောင်းရာသီမကုန်ခင်မှာပဲ ရှမ်းပြည်နယ် နမ့်ဆန် ၊ ဧရာဝတီတိုင်း လပွတ္တာ ၊ တနင်္သာရီတိုင်း ကျောက်ကာရွာ စတဲ့နေရာတွေမှာ မီးလောင်မှုတွေ ဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။