ပခုက္ကူမှာ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် လူတစ်ထောင်ခန့် ထွက်ပြေးနေရ
2024.12.18

မကွေးတိုင်း ပခုက္ကူမြို့နယ်က ရွာသုံးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်တာ ဝင်ရောက်စီးနင်းမီးရှို့နေတာကြောင့် လူတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ငါးဆယ်ခန့်ပါတဲ့ စစ်ကြောင်းဟာ ရွာသာအေးရွာက နေအိမ် ၂၁ လုံးနဲ့ ပြည့်အိုင်ရွာက နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မှာတော့ ရေမျက်ရွာကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာသာအေးနဲ့ ပြည့်အိုင်ရွာကတော့ မနေ့က မီးရှို့သွားတယ်။ အခုမနက်ပိုင်းကို ရေမျက်ရွာထဲကို သေနတ်ဖောက်ပြီး ဝင်ပြီး မီးရှို့နေတယ်။ အမျိုးသမီးတွေ ဖမ်းပြီး ရိုက်နှက်နေတယ်”
လက်ရှိမှာ ရေမျက်ရွာက နေရာသုံးခုကို မီးရှို့ခဲ့ပြီး လက်ရှိမှာ ပျူစောထီးအဖွဲ့တွေ အထိုင်ချတဲ့ ညောင်ဂျစ်ပင်ရွာထဲကို စစ်ကြောင်း ပြန်ဝင်သွားပြီလို့ သူက ပြောပါတယ်။ အိမ်ခြေတစ်ရာခန့်ရှိတဲ့ ရေမျက်ရွာက နေအိမ်မီးလောက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ရွာသာအေးရွာမှာတော့ အိမ်ခြေ ခြောက်ဆယ်ခန့်၊ ပြည့်အိုင်ရွာက အိမ်ခြေ ၂၈၀ ခန့် ရှိပြီး ရွာသုံးရွာပေါင်းက လူတစ်ထောင်ခန့် ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဒီဇင်ဘာ ၁၁ ရက်နေ့က ရေလာလေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တွေက အနီးပတ်ဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းကျော် (၁၀၅,၃၁၄ လုံး) ရှိလာပြီ ဖြစ်ပါတယ်။